နတ်တလင်း စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဝန်ထမ်းများနှင့် အသက်(၆၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်မှ စတင်၍ ဗဟိုမူလွန် ကျောင်းရွှေရတု ခန်းမနှင့် သကျမဟာမြတ်မုနိဘုရားကြီး၀န်း တို့တွင် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦးထိုးနှံပေးလျက်ရှိကြောင်း သိရပြီး စက်တင်ဘာလ(၂)ရက်နေ့က ထိုးနှံရာတွင် အသက် ၆၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွား (၃၃၅) ဦး၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၃၉)ဦး၊ နိုင်ငံ့၀န်ထမ်း (၂၅)ဦး၊ ဘုန်ကြီး/သီလရှင် (၇၂) ပါး၊ အကျဉ်းသား/အချုပ်သား (၁၅)ဦး၊ ပရဟိတအဖွဲ့၀င် (၄)ဦး စုစုပေါင်း (၄၉၀) ဦးထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးခြင်း လုပ်ငန်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၀င်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်းသိရပြီး နောက်ရက်များတွင်လည်း ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)