ပြင်စလူ စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား ထိုးနှံထားသူများကို ဒုတိယအကြိမ်၊ ဒုတိယနေ့ ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ၌ ပြင်စလူမြို့၊ အမှတ် (၃)ရပ်ကွက်ရှိ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် ပြင်စလူမြို့ ကျန်းမာရေးဦးစီးဌာနမှ တာဝန် ရှိသူများက ဒုတိယအကြိမ် ၊ ဒုတိယနေ့အဖြစ် အသက် (၆၅)နှစ် နှင့် အထက် ထိုးနှံပေးရန် ကျန်ရှိနေသော သက်ကြီးရွယ်အို ဒေသခံပြည်သူများ၊ ဆရာတော် သံဃာတော်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက် ရှိ သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ပြင်စလူမြို့၊မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းနှင့် မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကာကွယ်ဆေးထိုး ကြီးကြပ်ရေး အဖွဲ့ဝင်များ၊Volunteer/ ပရဟိတများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေးထိုးနှံရာသို့ ရောက်ရှိလာသည့် မိဘပြည်သူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် လစ်ဟာမှု မရှိစေရန် ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။ ယနေ့တွင် ပြင်စလူမြို့ပေါ်ရှိ ရပ်ကွက်(၃) ရပ်ကွက် နှင့် ကျေးရွာအုပ်စုများဖြစ်သော ကုန်းကြီးကျေးရွာ၊တယ်ပင်ကိုင်းကျေးရွာ၊ရေတွင်းဆိပ်ကျေးရွာ၊သစ်ပုတ်ကျေးရွာနှင့် ဓနိဆိပ်ကျေးရွာတို့မှ အသက် (၆၅)နှစ်နှင့် အထက် ကျန်ရှိနေသော မိဘပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များ အတိုင်းဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ပြင်စလူ မြို့အတွက် ဒုတိယအကြိမ် လူဦးရေ (၅၀၀)ဦး အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံဆောင်ရွက်လျက်ရှိသည်။ ပြင်စလူမြို့သည် ရေလမ်းခရီးကိုသာ အားကိုးပြီး သွားလာရသည့်ဒေသ ဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊စက်တပ်လှေများဖြင့် သွားလာရ ခြင်းများကြောင့် အချို့ရွာများရှိ ဒေသခံ ကျေးရွာပြည်သူများကို သတ်မှတ်ချိန်အတွင်း ကာကွယ်ဆေးများ ထိုးနှံပေးရန် စောင့်ဆိုင်းနေရခြင်း များလည်း ရှိနေကြောင်း သိရသည်။
ပြင်စလူမြို့တွင်(၁၃-၈-၂၀၂၁)ရက် နေ့ကလည်း အသက်(၆၅)နှစ်အောက် ရပ်ကွက်နှင့်ကျေးရွာများမှဒေသခံပြည်သူ (၃၀၀) ဦးအား ပထမအကြိမ် တရုတ်နိုင်ငံထုတ် (Sinopharm) ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးနိုင်ခဲ့ပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံထားသူများ ကလည်း သတ်မှတ်ချိန်အတွင်း ဒုတိယအကြိမ် ထိုးနှံပေးရေး စောင့်ဆိုင်းနေကြောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားသူ ဒေသခံ ပြည်သူတစ်ဦးထံမှ သိရှိရသည်။
ဇော်ဝင်းထွန်း(ပြန်/ဆက်)