စစ်ကိုင်းမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သံဃာတော်/ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား ဒုတိယ အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး

 

စစ်ကိုင်း စက်တင်ဘာ  ၃

 

စစ်ကိုင်းမြို့တွင် အသက်(၆၅)နှစ်အထက် သံဃာတော်/ သီလရှင်များနှင့် ရပ်ကွက်နေပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အုပ်စုသုံးနေရာခွဲ၍ ခရိုင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုနှင့်အတူ စက်တင်ဘာ(၃)ရက်၊ နံနက်ပိုင်းကစ၍ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

 

"ကိုဗစ်- ၁၉ ရောဂါ တတိယလှိုင်းအတွင်း ဦးစားပေးအုပ်စုများဖြစ်သည့် ပထမအကြိမ်ကာကွယ် ဆေးထိုးနှံပြီးသူ သံဃာတော်/ သီလရှင်တွေနဲ့ လူပုဂ္ဂိုလ်များကို စုရပ်သုံးရပ်ဖြစ်တဲ့ မိုးလုံလေလုံ အားကစားခန်းမရယ်၊ စည်းခုံကြီးဘုရားရှိ သာသနာ့ဗိမာန်တော်အတွင်းရယ်၊ သီတဂူအာယုဒါန ဆေးရုံတွေမှာ တစ်ပြိုင်တည်း ထိုးနှံ ပေးသွားမှာပါ ဩဂုတ်လဆန်းပိုင်းက ပထမထိုးနှံပြီးသူတွေကို အခုလ ၃၊ ၄၊ ၅၊ ၆ ရက်တွေမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် အပြီးထိုးနှံပေးသွားမှာပါ" ဟု ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

 

စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေးနေသလို ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ တို့ကိုလည်း ကျန်းမာရေး စစ်ဆေးပေးလျှက်ရှိကြောင်းသိရသည်။

 

ဇော်မြင့်နိုင်