မော်လမြိုင်ကျွန်း စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဝေဒနာရှင်များနှင့် အောက်ဆီဂျင် လိုအပ်မည့် လူနာများ ကျန်းမာရေး စောင့်ရှောက်မှု အဆင်ပြေစေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့မိ မြို့ဖ များ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်း၍ Oxygen Plant တည်ဆောက်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ Oxygen Plant တည်ဆောက်ရန်အတွက် (၂၅)ပေ၊(၈၀)ပေကျယ်ဝန်းသောမြေပေါ်တွင် (၂၀)ပေ၊ (၆၀)ပေ အကျယ် အဝန်းရှိ အဆောက်အဦတည်ဆောက်လျက်ရှိပြီး ယနေ့ နံနက် ၈:၃၀ နာရီအချိန်က တရုတ်နိုင်ငံမှ တစ်နာရီလျှင် ၄၀ liter အိုး ၉ လုံး၊ တစ်ရက်လျှင် (၁၂)နာရီ မောင်းနှင်ပြီး (၁၀၀) လုံး ထွက်ရှိမည့်စက် ရောက်ရှိ၊တပ်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အောက်ဆီဂျင်စက်ရောက်ရှိ၊ တပ်ဆင်မှု့လုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ မှလာရောက်ကြည့်ရှုပြီး စက်ရုံ တည်ဆောက်ရေး လုပ်ငန်းနှင့် အောက်ဆီဂျင် အမြန်ဆုံး ထုတ်လုပ်အသုံးပြုနိုင်ရေးကို အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေး ကော်မတီဝင်များမှ အကောင်အထည် ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။
သီတာအောင် (ပြန်/ဆက်)