ပွင့်ဖြူ ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာအုပ်စု ၊ ရွာသစ်ကလေးကျေးရွာရှိ ကျေးလက်နေပြည်သူများ ကိုဗစ် - ၁၉ ကာလအတွင်း စီးပွားရေးထိခိုက်မှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP)လုပ်ငန်းအတွက် ရန်ပုံငွေထုတ်ချေးပေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မော် က ကိုဗစ် - ၁၉ ကာလ အတွင်း လက်နေပြည်သူများ စီးပွားရေးထိခိုက်မှုများအပေါ် အခက်အခဲမဖြစ်စေရေး အတွက် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခုထုတ်ချေးပေးမည့် ရန်ပုံငွေများကို အကျိုးရှိရှိ သုံးစွဲလုပ်ကိုင်ကြရန် ဆွေးနွေး ပြောကြားသည်။
ထို့နောက် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ရွာသစ်ကလေးကျေးရွာတွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၃ ဦး ၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၆၃ ဦး ၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၆ ဦး ၊ စုစုပေါင်း အသင်းသားဦးရေ ၁၀၂ ဦး အတွက် စီမံကိန်းရန်ပုံငွေကျပ် သိန်း ၃၀၀ ကို လက်ဝယ်အရောက် ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)