ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

လွိုင်ကော် စက်တင်ဘာ   ၂

ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲအချိန်တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်မှူးကြီးမြင့်ဝေက ကယားပြည်နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးကဏ္ဍအလိုက် စိုက်ပျိုးသီးနှံများ စိုက်ပျိုးထွက်ရှိမှု အခြေအနေများ၊ ရေရရှိရေးလုပ်ငန်းများ၊ မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေဆောင်ရွက် ထားရှိမှုများ၊ မွေးမြူရေးကဏ္ဍတွင် ကြက်၊ ဝက်၊ နွား၊ ဆိတ်နှင့် ငါးမွေးမြူထားရှိမှုများ၊ သဘာဝရေပြင်များတွင် ငါးမျိုးစိုက်ထည့်နိုင်မှု အခြေအနေများနှင့် ဒေသတွင်း ဆန်၊ ဆီ ဖူလုံမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ် စီးပွားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဦးစိန်ဦးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မိုးသီးနှံများ စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ကောက်ခံရရှိမှု နှင့်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မိုးသီးနှံများ စိုက်ပျိုးစရိတ် ထုတ်ချေးမှုအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်စကားပြောကြားရာတွင် ကယားပြည်နယ်သည် ရေ၊ မြေ၊ ရာသီဥတု ကောင်းမွန်သည့် ပြည်နယ်တစ်ခု ဖြစ်သဖြင့် အဓိကသီးနှံဖြစ်သည့် မိုးစပါး ၊ နွေစပါးအပြင် မိမိဒေသနှင့်ကိုက်ညီသည့် အခြားသီးနှံများကိုလည်း စိုက်ဧကတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ တစ်ဧက အထွက်နှုန်းတိုးရေးကိုလည်း ကြိုးစားအကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရေတို၊ ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထို့အပြင် မွေးမြူရေးကဏ္ဍအနေဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ ဘဲနှင့် ငါးမွေးမြူရေးကိုလည်း အဓိကထုတ်ကုန်အဖြစ် မွေးမြူထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တောင်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ တိုးတက်စေရေးအတွက် တောင်သူများအား နည်းပညာပံ့ပိုး ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများ ငွေကြေးလိုအပ်ချက်ရှိပါကလည်း နိုင်ငံတော် ချေးငွေပံ့ပိုးမှု ရရှိရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်ပါက စိုက်ပျိုး မွေးမြူရေးဇုံများ ဖော်ထုတ်ဆောင်ရွက်နိုင်ရေး ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။