ဂန့်ဂေါ ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ကြကြောင်း ဂန့်ဂေါမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးအောင်နှင့် ဦးစီးအရာရှိ (နည်းပညာ) ဦးကျော်ဇေယျ၊ ဂန့်ဂေါခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးဝင်းအောင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မြသက်ထွေးနှင့် တာဝန်ရှိသူများသည် Cash For Work စီမံကိန်းဖြင့် လုံဟောကျေးရွာ၊ ကုက္ကားကျေးရွာ၊ ချောင်းခွကျေးရွာ၊ သာကောင်း ကျေးရွာနှင့် ဘူတာသစ် ကျေးရွာတို့တွင် ကျေးရွာတွင်းလမ်းခင်းခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ Cash For Work စီမံကိန်းသည် ကိုဗစ်ကာလအတွင်း ဝင်ငွေနည်းပါးသော ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ဝင်ငွေရရှိကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဆောင်ရွက် ပေးခြင်းဖြစ်ပြီး အဆိုပါကျေးရွာ (၅)ရွာတို့တွင် ကျေးရွာ တစ်ရွာလျှင် ခွင့်ပြုငွေကျပ်သိန်း (၁၀၀)ချထားပေးပြီး ကျေးရွာတွင်းလမ်းခင်းခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းများကို ယခုဘဏ္ဍာနှစ်တွင် အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)