မင်းလှ စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလတစ်လျောက်တွင် ကူညီကယ်ရေးလုပ်ငန်းများကို စိတ်အားထက် သန်စွာပူးပေါင်း ဆောင်ရွက်နေသော မင်းလှလူမှုကယ်ဆယ်ရေးအသင်းသည် ယမန်နေ့မှ စတင်ကာ အောက်စီဂျင်အိုးများ(လေအပါ)အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။
“အောက်စီဂျင်အိုး လာရောက်ဌားရမ်းလျင် မှတ်ပုံတင် ပေးခဲ့ရပါမယ်၊ တကယ်လိုအပ်မှသာ ဌားရမ်းပါတယ်၊အိမ်မှာဆောင်ထားခြင်းမျိုးခွင့်မပြုပါဘူး၊ သုံးစွဲမှုများသော လူနာများအား ၄၀ လီတာအိုးကြီးများကို အသင်းမှလာရောက်တပ်ဆင်ပေးပါမယ်၊ မြို့နယ်အတွက်သာဖြစ်လို့ ရပ်ကွက်/ ကျေးရွာများ အကုန်ငှားရမ်းပေးပါတယ်" ဟု မင်းလှ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ကိုသိန်းဇော်က ပြောကြားသည်။
အဆိုပါအောက်စီဂျင်အိုးများ (လေအပါ) အခမဲ့ ငှားရမ်းပေးခြင်းကို အမှတ်(၇) ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် ပြည်တော်သာ(၁)လမ်းထိပ်ရှိ မင်းလှလူမှုကယ်ဆယ်ရေး အသင်းရုံးတွင် လူမျိုးဘာသာမရွေး (၂၄)နာရီအချိန်ပြည့် ငှားရမ်းနိုင်ကြောင်း သိရသည်။
မင်းလှလူမှုကယ်ဆယ်ရေးအသင်းအနေဖြင့် လတ်တလောအခြေအနေအရ ပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သော အောက်ဆီဂျင်အပြည့်အဝရရှိနိုင်ရန်အတွက် အခြားမြို့နယ်များသို့ သွားရောက်ကာ လေဖြည့်ခြင်းကိုဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများ၏ လှူဒါန်း ငွေများဖြင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ထားနိုင်ကာ အောက်ဆီဂျင်စက်ကိုလည်း မှာယူထားကြောင်း၊ လှူဒါန်းငွေများပြည့်မှီ၍ အောက်ဆီဂျင်စက်ရရှိလာပါက ပြည်သူများအတွက် လိုအပ်သော အောက်ဆီဂျင်အား တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
ပေါက်စ မင်းလှ