ဝန်းသိုမြို့နယ် မင်းကုန်းကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ဝန်းသို စက်တင်ဘာ  ၂

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မင်းကုန်းကျေးရွာတွင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူပူးပေါင်းပါဝင်သည့်စနစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်  ရွာတွင်းလမ်းများ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ပထမအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။ 

မင်းကုန်းကျေးရွာ စီမံကိန်းလုပ်ငန်းသည် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများအနက် ထပ်တိုးဆောင်ရွက်ခွင့်ရရှိသောစီမံကိန်း ကျေးရွာ တစ်ရွာဖြစ်ပြီး အဆိုပါ လမ်းခင်း ခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ် သိန်း(၁၀၀)၊ ပြည်သူ ထည့်ဝင်ငွေကျပ် (၁၀)သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာအကူအညီ ရယူကာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီက ဦးဆောင်၍  လမ်းအရှည်ပေ ၁၂၀၀ ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ထိဆောင်ရွက်ပြီးစီးနိုင်ခဲ့ကြောင်း သိရသည်။

ဝန်းသိုမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျေးရွာပေါင်း (၂၅)ရွာ၌  လမ်း၊ တံတားလုပ်ငန်း(၁၉)ခု၊ ရေရရှိရေးလုပ်ငန်း(၂)ခု၊ မီးရရှိရေးလုပ်ငန်း(၂)ခု၊ ပညာရေးကဏ္ဍ စာသင်ကျောင်းဆောင်(၂)ခုနှင့် အခြားလုပ်ငန်း(၂)ခု စုစုပေါင်း ဖွံ့ဖြိုးရေးလုပ်ငန်း (၂၇)ခုကို ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

ကျော်မြိုင်