စလင်း စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ မင်းအာကာဘုရားဝိုင်း အတွင်းဖွင့်လှစ်ရောင်းချလျက်ရှိသော ယာယီပျံကျဈေးအား ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယာယီခေတ္တပိတ်ထားခဲ့ရာ စက်တင်ဘာ ၁ ရက်နေ့က ပြန်လည်ဖွင့် လှစ်ပေးခဲ့ပြီး ယနေ့ နံနက် ၈ နာရီအချိန်က ယာယီပျံကျဈေးရောင်းချနေသည့် ဈေးသည်(၇၆)ဦးအား ကိုဗစ်-၁၉ရောဂါပိုး RDT Test Kit ဖြင့် စစ်ဆေးရာ အမျိုး သမီး(၂)ဦး ရောဂါပိုးတွေ့ရှိခဲ့သည်။
စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ယာယီပျံကျဈေးရောင်းချနေသည့်ဈေးသည် အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး(၆၆)ဦးအား ကိုဗစ်-၁၉ရောဂါပိုး RDT Test Kit ဖြင့် စစ်ဆေးရာ အမျိုးသမီး(၂)ဦး ရောဂါပိုးတွေ့ရှိခဲ့သည်။
အဆိုပါဆေးစစ်ဆေးမှုကို မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုး အောင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနိုင်နှင့် ဝန်ထမ်းများပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ပိုးတွေ့လူနာနှစ်ဦးအား စလင်းမြို့နယ် အ.ထ.က (၁)ရှိ Facility Quarantineတွင်ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။
မောင်လွင်(စလင်း)