ချောင်းဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွား (၈၆၈)ဦးအား  လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်

ချောင်းဦး   စက်တင်ဘာလ   ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးထူးကျော်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ညနေပိုင်းက မြို့မရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့မရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၀၃နှစ်ရှိ အဘွားဒေါ်ပြည့်၊ အသက် ၁၀၀နှစ်ရှိ အဘွား ဒေါ်သန်း၊ အသက် ၈၉ နှစ်ရှိ အဘိုးဦးဘကြား နှင့် အဘိုးအဘွားများ အိမ်သို့ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပြီး လတ်တလောဖြစ်ပွါးနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ရေး နည်းလမ်းများဖြင့်နေထိုင်ရန် ကာကွယ်ဆေးများ ထိုးပေးနေသည့်အတွက် ကာကွယ်ဆေး ထိုးကြရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်မှ ရင်းနှီးစွာတွေ့ဆုံ ပြောကြားတိုက်တွန်းခဲ့သည်။

ချောင်းဦးမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၃၂)အုပ်စုမှ အသက်၈၅ နှစ်နှင့်အထက် သက်ကြီး အဘိုး အဘွား (၈၆၈)ဦးရှိကြောင်း၊ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေ ၃လစာ တစ်ဦးလျင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ကျပ်သိန်း၂၆၀၄၀၀၀၀ ကျပ်အား သြဂုတ်လ ၃၁ရက်နေ့ ရပ်ကျေး အစည်းအဝေးပွဲတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တဆင့် ပေးအပ်ထောက်ပံ့ သွားရန် ပေးအပ်ခဲ့ကြောင်း၊ ထောက်ပံ့ပေးရမည့် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး အဘိုးအဘွား များအား ကျန်းမာရေးဝန်ကြီးဌာမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးရန် မှာကြားထားကြောင်း သိရှိရပါသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)