မုဒုံ စက်တင်ဘာ ၂
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မုဒုံမြို့နယ်ပြည်သူ့ဆေးရုံ၊ကမာဝက်တိုက်နယ်ဆေးရုံ၊ ကလော့သော့ ကျေးရွာ၊ တံခွန်တိုင်ကျေးရွာနှင့်ကော့ခပုံကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနတို့၌ အခမဲ့စစ်ဆေးပေးခဲ့သည်။
စစ်ဆေးဆောင်ရွက်ပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတလူမှုကူညီရေး အဖွဲ့ဝင်များ ပူးပေါင်းကာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်/ ကျေးရွာနေ ပြည်သူ စုစုပေါင်း (၃၈၂)ဦးအား RDT Test-Kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူ ကျား(၂၃)ဦး ၊ မ(၃၉)ဦးစုစုပေါင်း (၆၂)ဦး တွေ့ရှိခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာများသည် မုဒုံမြို့နယ်ပြည်သူ့ဆေးရုံ၊ ကမာဝက်မြို့ တိုက်နယ်ဆေးရုံနှင့် ကမာဝက်မြို့ရှိ သွားလာကန့်သတ်စင်တာတို့တွင် ဆေးကုသခံယူလျက် ရှိသည်။
မုဒုံမြို့နယ်တွင် စက်တင်ဘာ ၁ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာစုစုပေါင်း ၁၀၀၂ ဦးရှိပြီးကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ ၇၅၀ ဦးနှင့် သေဆုံးသူ ၆၄ ဦး ရှိပြီး ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)