ပြည် စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၁)ရက်နေ့ က ပြည်မြို့နယ်ရှိ ကျန်းမာရေးဆိုင်ရာနှင့် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများအား သွားရောက်ကြည့်ရှုအားပေးထောက်ပံ့မှုများ ဆောင်ရွက်ပေးကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယင်းနေ့နံနက်ပိုင်းက အမှတ် (၆)တပ်မတော်စစ်ဆေးရုံ (ခုတင်-၁၀၀)သို့ သွားရောက်ခဲ့ပြီး Oxygen Concentrator (၁၂)လုံး၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါကုသဆေး (FAVIPAC)နှင့် ငွေကျပ် (၁၀)သိန်းတို့အား စစ်ဆေးရုံ ဆရာဝန်ကြီးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်မြို့ခုတင်(၅၀၀)ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံစားခဲ့ရသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် Volunteer များအတွက် တစ်ဦးလျှင် ငွေကျပ် (၁)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၂၈)သိန်းနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသွားခဲ့သည့် Volunteer(၂)ဦး အတွက် တစ်ဦးလျှင်ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း(၂၀)နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ Flow Meter အစုံ(၁၀၀)နှင့် အသင့်သောက် မြန်မာ့ရိုးရာ လက်ဖက်ရည်ထုပ်များအား ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ် ဂွေးပင်ကုန်းကျေးရွာအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တွင်းနက်စက်ရေတွင်း တည်ဆေက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆိုလာစနစ်ဖြင့် ရေတင်နိုင်ရေးနှင့် ကျေးရွာအဝင် ကျိုးကျနေသော သစ်သားတံတားအား ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ မွန်းလွဲပိုင်းတွင် ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ အနောက်ရပ်ကွက်ရှိ သဒ္ဓမ္မမဉ္ဇီ ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း Oxygen Plant တည်ဆောက်ရာတွင် လိုအပ်သော လျှပ်စစ်မီးလိုင်းဆွဲ ခြင်းအတွက် အလှူငွေနှင့် လှူဖွယ်ပစ္စည်းတို့အား ကျောင်းထိုင်ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်ဆောင်ရွက်သည့် ဝက်ထီးကန်ပတ်လမ်း (၈)မိုင် (၄)ဖာလုံ ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောင်ရွက်ရန်လိုအပ်သည့်အချက်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ် သစ်ချိုပင်ကျေးရွာရှိ ချည်မျှင်ရှည်ဝါ စိုက်ခင်းများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဝါစိုက်တောင်သူများအတွက် သဘာဝမြေသြဇာ အိတ်(၅၀)နှင့် ကိုဗစ်-ရောဂါ ကာကွယ်ရေး အသိပညာပေး တံဆိပ်ရိုက်နှိပ် ထားသည့် တီရှပ်အင်္ကျီများအား ထောက်ပံ့ပေးအပ်ခဲ့ကာ ဆည်ရေရရှိစေရေးအတွက် ရေပေးမြောင်းများ ပြန်လည်ပြုပြင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ပြည်မြို့၊ ရွှေပြည်မြေ မြေပဲမျိုးစေ့ထုတ်ဧက(၂၀၀)စိုက်ခင်းနှင့် မြေပဲအခြောက်ခံစက်အား လှည့်လည် ကြည့်ရှု ခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ မြို့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေနှင့် ပြည်မြို့ ကမ်းနားလမ်း(ညဈေးတန်း) ဆောင်ရွက်မည့် နေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်များတိုးချဲ့ရေပေးဝေနိုင်ရေးနှင့် ကမ်းနားလမ်း ပန်းခြံအား အဆင့်မြှင့်တင် ဆောင်ရွက်သွားရေးတို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်