သာယာဝတီ စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားအရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေး အတွက် မေလပထမပတ်မှ စတင်၍ ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက အလယ်ကုန်း ရပ်ကွက်အတွင်းရှိ ပြည်သူများအား မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိ ဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင် လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့် နည်းလမ်းများဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ ပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေမှုများကို မြိုနယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန်အတွက် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်များအတွင်း လှည့်လည်ကြေညာပေးခြင်း၊ လူစည်ကားရာ နေရာများတွင် ပန်းခင်း စီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းစသည့် အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးစန်းထူးထံမှ သိရသည်။
သန့်ဇော်