မင်းဘူး(စကု)မြို့နယ် ကျောင်းကုန်းကျေးရွာ၌ ဧရာဝတီမြစ် ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် (၇)လုံး ကြိုတင်ပြောင်းရွှေ့

မင်းဘူး စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောင်းကုန်းကျေးရွာ၌ ဩဂုတ်လ ၃၁ ရက်နေ့က ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့်အတူ ရေတိုက်စားပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်(၇)လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ထံမှ သိရသည်။

အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဩဂုတ်လ ၃၁ ရက်နေ့က ကျောင်းကုန်းကျေးရွာမှ အိမ်ထောင်စု (၇)စု၊ လူဦးရေ(၁၇)ဦး ကမ်းပြိုဘေးသင့်ခဲ့ရကြောင်း၊ ၎င်းကျေးရွာတွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၃)ရက်နေ့မှ (၃၁)ရက်နေ့ ညနေပိုင်းအချိန်အထိ ကမ်းပြိုဘေးကြောင့် အိမ်ထောင်စုပေါင်း (၃၀)မှ လူဦးရေ(၁၁၅)ဦးနှင့် ကျွဲနွားတိရစ္ဆာန်များ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း မင်းဘူး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

အဆိုပါ ကမ်းပြိုဘေးကြောင့် ထပ်မံပြောင်းရွှေ့ခဲ့ရသည့် ကမ်းပြိုဘေးသင့် အိမ်ထောင်စု(၇)စု တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများကို မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ယခုရက်ပိုင်းအတွင်း ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)