ကန့်ဘလူမြို့နယ် အောက်ဆီဂျင်စက်/အိုး ဖြစ်မြောက်ရေး ကော်မတီသို့ အောက်ဆီဂျင် ၄၀ လီတာအိုး ၄၀(အရည်များသာ) လှူဒါန်း

ကန့်ဘလူ စက်တက်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေးတွင် အောက်ဆီဂျင် အခက်အခဲ မဖြစ်စေရေးအတွက် ကူညီဆောင်ရွက်ပေးနေသော မြို့နယ် အောက်ဆီဂျင်စက်/အိုး ဖြစ်မြောက်ရေး ကော်မတီသို့ ယမန်နေ့ နံနက် ၁၀ နာရီခွဲက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သိုးခြံလူငယ်နှင့်သောကြာကြယ် လူမှုကူညီရေး အသင်းတို့မှ အောက်ဆီဂျင် ၄၀ လီတာ အိုးအလုံး ၄၀ (အရည်များသာ)ကို လှူဒါန်းခဲ့ကြောင်းသိရသည်။

မြို့နယ် အောက်ဆီဂျင်စက်/အိုး ဖြစ်မြောက်ရေး ကော်မတီသည် ကန့်ဘလူမြို့ ပိတောက်သိင်္ဂီ ခန်းမ၌ ရုံးခန်းဖွင့်လှစ်၍ အောက်ဆီဂျင်လိုအပ်နေသူများအတွက် မြို့တွင်းအပြင် အနီးဝန်းကျင်ရှိ ကျေးရွာနှင့်မြို့များသို့ ဖြန့်ဝေကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အဆိုပါနေ့က သိုးခြံလူငယ်နှင့်သောကြာကြယ် လူမှုကူညီရေး အသင်းတို့သည် ကန့်ဘလူမြို့ရှိ မြို့မစျေး၊ ကန့်သတ်စောင့်ကြည့်ရေး စင်တာများဖြစ်သည့် မိုးလုံလေလုံ အားကစားရုံ၊ အလေးမရုံအားကစား ခန်းမ(၁)နှင့်(၂) တို့တွင်လည်း ပိုးသတ်ဆေးများ လှည့်လည် ဖျန်းပက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)