ဖောင်းပြင်မြို့နယ်တွင် ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးသွားသော ချောင်းကူးတံတားအား ကိုယ့်အားကိုယ်ကိုး ပြန်လည်တည်ဆောက်

ဖောင်းပြင် စက်တင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ဩဂုတ်လ ၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး နန်းမခွင်ချောင်းရေမြင့်တက် မှုကြောင့် ရွှေညောင်ပင်- ကုန်းအောက်တောင်းကျေးရွာ ချင်းဆက် ချောင်းကူးတံတား အရှည် ၁၄၆ ပေ၊ အကျယ် ၁၂ ပေခန့်မျှောပါပျက်စီးသွားခဲ့ရာ အဆိုပါတံတားအား  အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် ရွှေပုဂံကျောင်းတိုက်ဆရာတော် ဦးဆောင်ကာ  ပြန်လည်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ယင်းတံတားကို ဒေသခံပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေကျပ် သိန်း (၅၀) ကျော်ဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး၊ စုစုပေါင်းကုန်ကျငွေကျပ်သိန်း(၆၀)ခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ ထိုတံတားကို ကျေးရွာပေါင်းငါးဆယ်ကျော်က ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ် ငန်းများအတွက် မှီခိုအသုံးပြုနေရသောကြောင့် သွားလာမှုအဆင်ပြေစေရေးအတွက် ယခုလ ၅ ရက်အတွင်း ဖြတ်သန်းသွားလာနိုင်အောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ရွှေပုဂံကျောင်း တိုက်ဆရာတော်၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဦးဇဝနထံမှ သိရသည်။

ဖောင်းပြင်မြို့နယ်တွင် ဩဂုတ်လ ၁ ရက်နေ့က ချောင်းရေတိုက်စားမှုကြောင့်ခြင်္သေ့ချောင်းနှင့် နန်းမခွင်ချောင်းတစ်လျှောက်ရှိ ကျေးရွာချင်းဆက် တံတား(၁၀) ပျက်စီးသွားခဲ့ပြီး ကျေးရွာအချို့မှာ အလားတူ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး စီစဉ်လျက်ရှိကြောင်း ဒေသခံပြည်သူ များထံမှသိရသည်။

ကိုထွန်း(ဖောင်းပြင်)