လေးမျက်နှာမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

 

လေးမျက်နှာ စက်တင်ဘာ  ၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကလေးငယ်များ ကျန်းမာ သန်စွမ်း‌စေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေစေရန် ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ် ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့နံနက်(၈)နာရီအချိန်ခန့်က မိခင်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန ဝန်ထမ်းများက မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာ(၄)ရွာမှ အသက်(၂)နှစ်အောက် ကလေးငယ်များ အား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(B)ပိုး၊  ဦးနှောက်မြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဝမ်းပျက် ဝမ်းလျှော ဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးကိုပါ တိုက်ကျွေးကြောင်းနှင့် ကလေးငယ်များ အား ပေါင်ချိန်၍ ကိုယ်ကလေးချိန် မှတ်တမ်းရယူခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအားမေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးပေးခြင်းတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)