မုဒုံမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား  ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT- Test Kit ဖြင့် အခမဲ့စစ်ဆေး

 

မုဒုံ   စက်တင်ဘာ  ၁

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင်  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid  Antigen  Diagnostic Test Kit  ဖြင့် စစ်ဆေးပေးခြင်းကို  ယမန် နေ့ နံနက်ပိုင်းက  မုဒုံမြို့နယ် ပြည်သူ့ဆေးရုံ၊ ကမာဝက်တိုက်နယ်ဆေးရုံ၊ ကလော့သော့ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနတို့၌ အခမဲ့စစ်ဆေးပေးသည်။

 

စစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများက ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း(၂၅၅)ဦး အား RDT Test-Kit ဖြင့် စစ်ဆေးခဲ့ရာ   ရောဂါပိုး တွေ့ရှိသူ  ကျား ၁၇ ဦး၊ မ၂၂ ဦး စုစုပေါင်း ၃၉ ဦးတွေ့ရှိခဲ့သည်။ အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိ လူနာ များကို  မုဒုံမြို့နယ်  ပြည်သူ့ဆေးရုံနှင့်  ကမာဝက်တိုက်နယ်ဆေးရုံရှိ  စင်တာတို့တွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

 

ယင်းသို့ စစ်ဆေး ဆောင်ရွက်ပေးခြင်းအားဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရန် နှင့် ကူးစက်ပြန့်ပွားမှုနှုန်း အမှန်တကယ် လျော့နည်းကျဆင်းမှု ရှိ/မရှိ ကို သိရှိနိုင်ရန်အတွက် စစ်ဆေးပေးခြင်းဖြစ်ကြောင်း၊ မြို့နယ်အတွင်း၌ ကျန်ရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများကို စက်တင်ဘာ၄ရက်နေ့အထိ ဆက်လက် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိတစ်ဦးက ပြောကြားခဲ့သည်။ မုဒုံမြို့နယ်တွင် သြဂုတ်လ ၃၁ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း(၉၄၀)ဦး ရှိပြီး အတည်ပြု လူနာများအနက် ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၇၅၀)ဦးနှင့် သေဆုံးသူ (၆၂)ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)