မင်းဘူး စက်တင်ဘာ ၁
မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသတွင် တည်ရှိသော မင်းဘူးမြို့သည် မကွေးတိုင်းဒေသကြီးတွင် တည်ရှိပြီး အနောက်ဘက်တွင် ငဖဲမြို့၊ အရှေ့ဘက်တွင် ဧရာဝတီမြစ်နှင့် မကွေးမြို့၊ တောင်ဘက်တွင် မင်းလှမြို့၊ မြောက်ဘက်တွင် ပွင့်ဖြူမြို့တို့နှင့် ဆက်စပ်လျက်ရှိသော မြို့တစ်မြို့ဖြစ်သည်။
မင်းဘူး(စကု)မြို့နယ်သည် ဧရိယာ စတုရန်းမိုင်ပေါင်း ၆၄၂.၇ မိုင်ရှိပြီး ကျေးရွာအုပ်စုပေါင်း ၆၈ အုပ်စု၊ ကျေးရွာပေါင်း ၁၅၀ ရှိကာ ယဉ်ကျေးမှုအမွေအနှစ်များနှင့် လေ့လာလည်ပတ်စရာ နေရာများစွာ ရှိသည့်အပြင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး လွယ်ကူချောမွေ့နေပြီ ဖြစ်သောကြောင့် ကမ္ဘာအရပ်ရပ်မှ ခရီးသွား ဧည့်သည်များ ရာသီမရွေး သွားလာလည်ပတ်နိုင်သည့် မြို့လည်းဖြစ်သည်။
မင်းဘူး(စကု)မြို့နယ်၏ ယဉ်ကျေးမှု အမွေအနှစ်နယ်မြေနှင့် အထင်ကရ နေရာများမှာ အနောက်ဘက်တွင် မြတ်စွာဘုရားရှင်၏ ပါဒခြေတော်ရာနှစ်ဆူဖြစ်သော အထက်စက်တော်ရာနှင့် အောက်စက်တော်ရာ (တစ်နည်းအားဖြင့်) မန်းချောင်းဘေးတွင် တည်ရှိသော မန်းရွှေစက်တော်ဘုရား၊ မန်းချောင်းဝန်ကျင်မှ တောတောင်ရေမြေနှင့် ဆင်စီးပြီး သဘာဝအလှအပများကို ခံစားနိုင်ရန် မန်းချောင်း အပန်းဖြေ ဆင်စခန်း၊ အရှေ့ဘက်တွင် ဧရာဝတီမြစ်ရေနှင့် ကမ်းခြေအလှ၊ တောင်ဘက်တွင် မြတ်စွာဘုရားရှင် ရှိစဉ်အခါက နားနေကျိန်းစက်တော်မူခဲ့သော ကေလာသဘတောင်ထိပ်ပေါ်မှ တန်ခိုးကြီး ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး၊ မြို့၏ အနောက်တောင်ဘက်တွင် မြတ်စွာဘုရားရှင်အား ဖူးမြော်ရန်အလာ သိန်းငှက်တစ်ကောင်၏ ကိုက်ချီစားသောက်ခြင်း ခံရ၍ သေပွဲဝင်ရပြီး နဂါးမောင်နှစ်မကြောင့် ဖြစ်ပေါ်လာရသော နဂါးပွက်တောင်တို့ ရှိကြသည်။
ထို့အတူ လယ်ကိုင်း အရပ်တွင်လည်း စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရား၊ စကုမြို့ နှစ်ပေါင်း ၁၀၀ ကျော်ရှိ စကုရုပ်စုံကျောင်းနှင့် တန်ခိုးကြီး ဘုရားစေတီများ၊ ရေပုတ်ကလေး ကျေးရွာတွင် အဇ္ဇုဟတ္တတောင်ခေါ် မဟာပုဏ္ဏမထေရ် ပထမဆုံး တရားကျင့်ကြံရာ ရွှေမြင်တင်စေတီ၊ မြို့၏ အရှေ့မြောက်ဘက်တွင် မထေရ်မြတ် ဒုတိယတရားကျင့်ကြံအားထုတ်ရာ အောက်ကျောင်း သမုဒ္ဒဂီရိ မြစေတီတော်မြတ်ကြီးနှင့် ဝိဇ္ဇာဆရာတော်ဘုရားကြီး ဦးကောဝိတနှင့် အရှင်မြတ်များ တရားကျင့်ကြံရာ မယ်ဘေ့ကုန်းရွာမှ ပေါက်ချောင်အရပ်နှင့် လှိုဏ်ဂူ၊ မြို့၏ အနောက်မြောက်အရပ်တွင် မထေရ်မြတ် တတိယအကြိမ် တရားကျင့်ကြံအားထုတ်ရာ နေရာဖြစ်သော ပန်းလွှားရွာအနီးမှ ရှင်ပင်နီ ဂူစေတီများ အပြင် ရှင်မင်းဘူးဘုရား၊ ကြောင်လိန်ဘုရားနှင့် ဓာတ်တော်ကုန်းဘုရားများသို့ မြင်းလှည်း၊ ဆိုင်ကယ်သုံးဘီး၊ အိုးဝေသုံးဘီးများအပြင် ဟိုင်းဂျက်များဖြင့် မြို့တွင်း မြို့ပြင်သို့ လှည့်လည်ကာ စေတီပုထိုးများအား ဖူးမြော်ကြည်ညိုလိုရင်ဖြင့် ကိုဗစ်-၁၉ အလွန် ယဉ်ကျေးမှုအမွေအနှစ်များ တန်ခိုးကြီးဘုရားများနှင့် လည်ပတ်စရာ အထင်ကရနေရာများရှိရာ ဌာနေမင်းဘူးမြေမှ ဖိတ်ခေါ် လိုက်ရပါတော့သည်။
ဇေယျာထက် (မင်းဘူး)