ချောင်းဆုံ စက်တင်ဘာ ၁
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ဆေးရုံများနှင့် ပြည်သူများ အောက်ဆီဂျင် အလုံအလောက် ရရှိနိုင်ရေးအတွက် စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်းငွေများဖြင့် ယမန်နေ့မွန်းလွဲ ၂ နာရီက ချောင်းဆုံဆေးရုံသို့ ထိုင်းနိုင်ငံမှတစ်ဆင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်ကို မုဒုံမောင်မောင်ကုမ္ပဏီမှ သယ်ယူပို့ဆောင်ရေးယာဉ်ဖြင့် အောက်ဆီဂျင်စက် ရောက်ရှိကြောင်း သိရသည်။
မြို့နယ်ဆေးရုံဝင်း အောက်ဆီဂျင်စက်ရုံသို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာသည့်အောက်ဆီဂျင်စက်ကို တပ်ဆင်ဆောင်ရွက်နိုင်ရန် မော်တော်ယာဉ်မှ စက်ရုံအတွင်းသို့ သယ်ယူဆောင်ရွက်နေမှုအား မြို့နယ်အောက်ဆီဂျင်စက်နှင့် စက်ရုံဖြစ်မြောက်ရေးကော်မတီ နာယက ရွှေမြင့်မိုရ်တောင် ဆရာတော် ဒေါက်တာအရှင်ပဏ္ဏိတ၊ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် တာဝန်ရှိသူများက စက်ရုံတွင် အောက်ဆီဂျင်စက် တပ်ဆင်ခြင်းနှင့် စက်စမ်းသပ်လည်ပတ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိဆေးရုံများတွင် ဆေးကုသမှုခံယူနေကြသည့် ကိုဗစ်-၁၉ ဝေဒနာရှင် များနှင့်အခြားရောဂါများအတွက် အောက်ဆီဂျင်များ လိုအပ်သလို အသုံးပြုနိုင်ရန် မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် တာဝန်ရှိသူများ၏ ပံ့ပိုးကူညီမှုနှင့်အတူ အလှူရှင်များ၏လှူဒါန်းငွေ ဖြင့်အောက်ဆီဂျင်စက်ဝယ်ယူထားပြီး စက်တပ်ဆင်ပြီးစီးပါက တစ်နေ့လျှင် ၄၀ လီတာအိုး အလုံး ၂၀၀ ခန့်ထွက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)