ရေကြည် သြဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးအပေါ် ထိခိုက်မှုသက်သာစေရေးအတွက် ဝက်မွေးမြူ ထုတ်လုပ်ခြင်း သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆင်ကူးအနောက်ကျေးရွာ မူလတန်းကျောင်းတွင် ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ မိုးသူဇာက သင်တန်းဖွင့်လှစ်ရခြင်းမှာ ကိုဗစ်-၁၉ကာလ စီးပွားရေးထိခိုက်မှု သက်သာစေရေး၊ မွေးမြူသူ ပြည်သူများ စနစ်တကျ မွေးမြူပြီး ဝင်ငွေတိုးတက် ရရှိစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရ ရှိစေရန်၊ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူများ စနစ်တကျ မွေးမြူတတ်စေရန်၊ တိရစ္ဆာန် များတွင် ဖြစ်ပွားနိုင်သည့် ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်သင်ကြားရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးတို့အား ဝက်မွေးမြူရေးနှင့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြားပို့ချ ပေးသွားမည် ဖြစ်ပြီး သင်တန်းကာလမှာ (၃)ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်သူဟန်(ပြန်ဆက်)