မုံရွာမြို့နယ်၌ ဆေးထိုးစုရပ်သုံးခုတို့တွင်  (၁၇)ကြိမ်မြောက်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ပြည်သူစုစုပေါင်း(၇၇၉)ဦးအား ဆက်လက်ထိုးနှံပေး   

မုံရွာ      သြဂုတ်       ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌  ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သြဂုတ်လ၃ရက်နေ့မှ စတင်၍ သြဂုတ်လ(၂၆)ရက်နေ့အထိ  ဦးတည်အုပ်စု(၁၂)စုမှ အသက်(၁၈)ပြည့်ပြီး သူရဟန်းရှင်လူပြည်သူ (၁၃၇၇၆)ဦးအားသတ်မှတ်ဆေးထိုးစုရပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီနယ်မြေခံတပ်မတော်ဆေးအဖွဲ့များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အကြီးအကဲများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ စနစ်တကျထိုးနှံပေးပြီးဖြစ်ရာ  ယနေ့နံနက်(၁၀)နာရီမှ စတင်၍ မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရုံးတွင် (၃၂၈)ဦး၊ တိုင်းဒေသကြီးပြည်သူ့အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံ အားကစားရုံခန်းမတွင် (၂၇၅)ဦးနှင့်  အလုံအခြေခံပညာအထက်တန်းကျောင်းတွင်(၁၇၆)ဦး စသည့် ဆေးထိုးစုရပ် သုံးခုတို့တွင် ဦးတည်အုပ်စု(၁၂)မှ ဦးစားပေးအလိုက် ပြည်သူစုစုပေါင်း(၇၇၉)ဦးကို (၁၇)ကြိမ် မြောက်အဖြစ် ကိုဗစ်၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်၁၉ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ အောက်ဆီဂျင်တိုင်းတာစစ်ဆေးခြင်းနှင့် ကျန်းမာရေးရောဂါ ရှိ/မရှိစစ်ဆေးခြင်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကာ စိတ်ချရသူများအား ကိုဗစ်၁၉ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးခဲ့ကြပြီး ဆေးထိုးပြီးသူများအား မိနစ်(၃၀)နားနေစေကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြရာ ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများအား ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌ များနှင့်  အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မုံရွာမြို့နယ်တွင် ကိုဗစ်၁၉ကာကွယ်ရေးအတွက် အထောက်အကူဖြစ်စေရန် ကာကွယ်ဆေး များကို သြဂုတ်လ(၃)ရက်နေ့မှ ယနေ့အချိန်ထိ  (၆၅)နှစ်နှင့်အထက် ဘိုးဘွာများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ Volunteer/ပရဟိတ၊ သံဃာတော်/ သီလရှင်/ ဘာသာရေးကျောင်းများ၊ နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းနှင့်မိသားစုဝင်များ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်း၊ ဟိုတယ်/မိုတယ်/ တည်းခိုခန်းများ၊    အကျဥ်းသား/အချုပ်သားများ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်း၊ Super Market/ဈေး စသည့် ဦးတည်အုပ်စုများမှ  ပြည်သူစုစုပေါင်း(၁၄၅၅၅)ဦးအား ထိုးနှံပြီးစီးကြောင်းနှင့် အလားတူ မုံရွာမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ကျန်ရှိသူများကိုလည်း သတ်မှတ် ဆေးထိုးစုရပ်တို့တွင်  ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်အား လာမည့်စက်တင်ဘာ တစ်လလုံး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရမည့် သတ်မှတ်ရက်များအတွင်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)