ဟင်္သာတ ဩဂုတ် ၃၁
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက်လာ စေရန် ရည်ရွယ်၍ ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကို အဆိုပါ ရုံးအစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ဆက်လက်သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းပို့ချမူတွင် ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်နှင့် မြို့နယ်ဦးစီးမှူး ဦးညီညီဆွေတို့က အနီးကပ်ကြီးကြပ်၍ သင်တန်းတာဝန်ခံ ဆရာများက ကျေးရွာအဆင့်ခေါင်းဆောင်မှု၊ အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသိပညာပေးခြင်းနှင့် ကျေးရွာစွန့်ပစ် အမှိုက်စီမံခန့်ခွဲမှု အသိပညာ ပေးခြင်း အကြောင်းများကို သင်ကြား ပို့ချခဲ့ကြသည်။
အဆိုပါသင်တန်းကို ယမန်ရက်နေ့မှ ယနေ့အထိ ၂ ရက်ကြာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၂ အုပ်စုတို့မှ သင်တန်းသား(၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ကိုဇော်