ပဲခူးမြို့အတွင်း အထူးလျော့စျေးဖြင့် ကြက်ဥ၊ ဘဲဥ၊ ဆန်၊ ကြက်သွန်နီနှင့် သားငါး ကုန်စိမ်းများအား စျေးကားဖြင့် လှည့်လည်ရောင်းချ

ပဲခူး သြဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်  ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ကာလအတွင်း စားသောက်ကုန် များကို ‌ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် အထူးလျော့ဈေးဖြင့် ယနေ့နံနက်ပိုင်းက မြို့အတွင်း စျေးကား (၅)စီးဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည် ၁၀၀၀ ကျပ်ဖြင့် အိမ်ထောင်စု တစ်စုလျင်(၅)ပြည် နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥ၊ ဘဲဥ တစ်လုံးလျှင် ၁၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်သွန်နီ တစ်ပိဿာ လျှင် ၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ငါးတစ်ပိဿာလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ Stay At Home ကာလ ပြည်သူများ စျေးနှုန်း သက်သာစွာဖြင့် စားသုံးနိုင်ရေးအတွက် ရှမ်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှ ပိုလျှံသည့် အခြေခံစားသုံးကုန်ပစ္စည်းများအား မှာယူကာ အထူးလျော့ဈေးဖြင့် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ Social Distancing နှင့်အညီ ရောင်းချပေးခြင်း ဖြစ်သည်။

အဆိုပါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ခရိုင်၊မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီတို့မှ ကြီးကြပ်၍ ပဲခူးမြို့ပေါ်အတွင်း အထူးလျော့စျေးဖြင့် ကြက်ဥ၊ ဘဲဥ၊ ဆန်၊ ကြက်သွန်နီနှင့် သားငါး ကုန်စိမ်းများအား ရောင်းချပေးမှုသည် (၂၀.၇.၂၀၂၁)ရက်နေ့မှ စ၍ နေ့စဉ် လှည့်လည်ရောင်းချ ပေးနေခြင်းဖြစ်ပြီး  တစ်နေ့လျှင် ဆန်အိတ် (၅၀)အိတ်ခန့်အိတ်ခန့်၊ကြက်ဥ၊ဘဲဥ အလုံး(၂၀၀၀)လုံး၊ကြက်သွန်နီ(၁၀၀) ပိဿာနှင့် သားငါး(၅၀) ပိဿာခန့် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။