ရေဦး သြဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရွှေနဒီဦးခန်းမတွင် ယမန်နေ့ နံနက် ၈ နာရီမှစ၍ အသက် ၁၈နှစ်မှ ၆၅နှစ်အထက် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
“ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့ပေါ်ငါးရပ်ကွက်နှင့် ကျေးရွာအုပ်စုမှ အသက် ၆၅ နှစ် နှင့်အထက်ရှိသူများကို ဦးစားပေးဆေးထိုးနှံပေးလျက်ရှိပြီး ဆေးရရှိမှုအပေါ်မူတည်၍ အသက် ၁၈ နှစ် ပြည့်ပြီးသူများကို ကာကွယ်ဆေးထိုးပေး ခြင်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုရရှိသည့် ကာကွယ်ဆေးထိုးအစီအစဉ်မှာ ကြားဖြတ်အစီအစဥ်အနေဖြင့် ကာကွယ်ဆေးအလုံး ၁၀၀ ကိုအခြားမြို့နယ် တစ်ခုမှ လွှဲပြောင်းရယူ ထိုးနှံပေးရခြင်းဖြစ်ကြောင်း၊ မြို့နယ်တွင်းရှိ ဒေသခံမိဘပြည်သူများ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံမှု လိုအပ်ချက်အရ ဖြည့်ဆည်းဆောင်ရွက်ပေးသည့်အစီအစဉ်ဖြစ်ကြောင်း၊ နိုင်ငံတော်အစီအစဉ်ဖြင့် ကာကွယ်ဆေးခွဲတမ်း ထပ်မံရောက်ရှိလာပါက ကာကွယ်ဆေး ထိုးနိုင်ရေး သက်ဆိုင်ရာ ဌာနနှင့်ရပ်ကွက် ကျေးရွာတာ၀န်ရှိသူတွေမှတဆင့် အသိပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံမိဘပြည်သူများအနေဖြင့် ကိုဗစ်၁ယ့်ကိုး တတိယလှိုင်းကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ ကာကွယ်ဆေးထိုးအစီအစဉ်မှာ ပူးပေါင်း ပါ၀င်ပေးစေလိုကြောင်း၊ ကာကွယ်ဆေးက ကိုယ်ခံအားကို မြှင့်တင်ပေးသည့် ဆေးဖြစ်သလို ရောဂါကူးစက်ခံရပါက ရောဂါဒဏ်ပြင်းထန်စွာမခံစားရစေရန် ကာကွယ်ပေးကြောင်း၊ ထို့ပြင်ကျန်းမာရေး နေထိုင်မကောင်းဖြစ်နေလျှင် အိမ်မှာကြိတ်ကုမနေဘဲ နီးစပ်ရာ ကျန်းမာရေး၀န်ထမ်းများထံပြောပြ အကူအညီတောင်းခံနိုင်ကြောင်း၊ လိုအပ်ပါက မြို့နယ်ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနသို့ သွားရောက်ပြနိုင်ကြောင်း၊ အကယ်၍ ကိုးတွေ့လူနာနှင့်ထိတွေ့ခဲ့၍ ရုတ်တရက် ကျန်းမာရေးမကောင်းဖြစ်ကာ ကိုယ့်ကိုကိုယ်သံသယဖြစ်နေလျှင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကုသရေးစင်တာမှာ အပတ်စဉ် သတ်မှတ်ရက် များအတိုင်း စစ်ဆေးပေးလျက်ရှိကြောင်း၊ ရောဂါပိုးရှိမရှိ စစ်ဆေးပေးသည့်အခါ ပုဂ္ဂလိကဆေးရုံ ဆေးခန်းများတွင်စစ်ဆေးပါက ငွေကျပ်နှစ်သောင်းခွဲအထက် ပေးနေကြရကြောင်း၊ မြို့နယ်ဆေးရုံကြီးမှာ အခမဲ့စစ်ဆေးပေးကာ ပိုးတွေ့ခဲ့ပါက အခမဲ့ဆေးကုသပေးလျက် ရှိကြောင်း၊ ကာကွယ် ဆေးတစ်လုံးကို ပြင်ပမှာ၀ယ်လျှင် ဆေးတစ်လုံး ငွေကျပ်သုံးသိန်းကျော် ပေးရကြောင်း၊ နိုင်ငံတော်က နိုင်ငံတဝှမ်းလုံးရှိ မိဘပြည်သူများ ကိုဗစ် ရောဂါကူးစက်မှုကာကွယ်ရေးအတွက် ကာကွယ်ဆေးများကို ကမ္ဘာ့ကျန်းမာရေးပဖွဲ့၏ ထောက်ခံချက်ရရှိထားသော ပြည်ပနိုင်ငံသုံးနိုင်မှ ၀ယ်ယူ၍ မိဘပြည်သူများကို ကာကွယ်ဆေးများကို တိုင်းဒေသကြီး ပြည်နယ် ခရိုင် မြို့နယ်များ အလိုက်အခမဲ့ဖြန့် ဝေပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးနှင့်ပတ်သက်၍ ကောလဟာလသတင်းများ မယုံကြည်ကြရန်နှင့် မြို့နယ်တွင်း ကိုဗစ် -၁၉ ကူးစက်ရောဂါထိန်းချုပ်နိုင်ရေး အတူပူးပေါင်းပါ၀င်ပေးစေလိုကြောင်း “ ကိုဗစ်- ၁၉ ထိန်းချုပ်ရေးကော်မတီတာ၀န်ရှိသူတစ်ဦးက ပြောသည်။
ရေဦးမြို့နယ်အနေဖြင့် ကိုဗစ်- ၁၉ ကာကွယ်ဆေး (ကိုဗစ်ရှီး) ကနှစ်ကြိမ်၊ စီနိုဖမ်း ၈ ကြိမ်တွင် သံဃာတော်၊ သီလရှင်၊ နိုင်ငံ့၀န်ထမ်း၊ ၀န်ထမ်းမိသားစု၀င်များ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ၊ ဘဏ်၀န်ထမ်းများ၊ တည်းခိုရိပ်သာ၊ မော်တော်ယာဉ်အသင်း၊ သုံးဘီး နှင့်အနှေးယာဉ်မောင်းများ၊ စျေးသူစျေးသားများ၊ လက်လုပ်လက်စားများ၊ တောင်သူများ ဆေးထိုးနှံခဲ့ကြကြောင်း သိရသည်။
သန်းထိုက် (ရေဦး)