မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မြေနိမ့်ပိုင်းရှိ ကျေးရွာများမှ အိမ်ထောင်စုများ ရေဘေးလွတ်ရာသို့ပြောင်းရွှေ့

မင်းဘူး ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ  မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ မြစ်ရေဝင်ရောက်မှုများကြောင့် ယနေ့ နေ့လယ်ပိုင်းအချိန်ထိ အိမ်ထောင်စုပေါင်း (၂၀၁)စု၊ လူဦးရေ (၃၉၃)ဦးတို့ကို သံကန်တန်း၊ ကျောက်ကုန်း၊ အောက်ကျောင်း၊ သရက်တောဘုန်းကြီးကျောင်း၊ ညောင်ဇင်ဘုန်းကြီး ကျောင်းနှင့် ပဒေသာကျွန်းကျေးရွာ စသည့် ရေဘေးလွတ်ရာနေရာ အသီးသီးတို့တွင် ယာယီပြောင်းရွှေ့ နေရာ ချထားဆောင်ရွက်ပေးခဲ့ရကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြစ်ရေဝင်ရောက်မှုကြောင့် ထုံးမကြီးကျေးရွာမှ အိမ်ထောင်စုပေါင်း (၁၀၁)စု၊ လူဦးရေ (၂၇၂)ဦး၊  တရွာကျေး ရွာမှ အိမ်ထောင်စု (၇)စု၊ လူဦးရေ (၂၈)ဦး၊ နိဗ္ဗာန်ကျွန်းကျေးရွာမှ အိမ်ထောင်စု (၉၃)စု၊ လူဦးရေ (၉၃)ဦး နှင့် ကျွဲနွားတိရစ္ဆာန် အကောင်ရေ (၉၀၀)ကျော် ရေးဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။

အလားတူ မင်းဘူးမြို့ အမှတ်(၄) ကမ်းနားလမ်းတလျောက် သူဌေးကုန်း၊ ရွှေဝါကုန်း၊ သစ်ချိုကုန်း ရပ်ကွက်များတွင်လည်း မြစ်ရေများ စတင်ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာနှင့် ရပ်ကွက်များသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူ များက မြစ်ရေဝင်ရောက်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုကာ ရေဘေးလွတ်ရာသို့ ကြိုတင် ပြောင်းရွှေ့နေထိုင်ရေးနှင့် ပြောင်းရွှေ့ရပါက ထောက်ပံ့ငွေများရရှိရေး ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်က ၁၇၀၀ စင်တီမီတာဖြစ်ပြီး ယနေ့ ၁၅၄၂ စင်တီမီတာအထိ ရောက်ရှိခဲ့တာကြောင့် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၁၅၈ စင်တီမီတာ သာလိုတော့ကြောင်း၊  အဆိုပါ မြစ်ရေဝင်ရောက်မှုများကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)