ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ပုဏ္ဏားကျွန်း သြဂုတ် ၃၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၆၅)နှစ်အထက် ပြည်သူများနှင့်ဦးစားပေးအုပ် စုအလိုက် ပထမအကြိမ်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားသည့် ပြည်သူများကို ယနေ့၊ နံနက်(၉)နာရီမှ (၄)နာရီအထိ   ပုဏ္ဏားကျွန်းမြို့   လောကမာရဇိန်ဘုရားကြီးသိမ်တော်၊ ယိုးတရုပ်တိုက်နယ်ဆေးရုံး၊   ပိုးရွှီပြင်တိုက်နယ်ဆေးရုံ၊   ကွန်းတောင်ကျန်းမာရေးဌာနနှင့် အလယ်ချောင်းကျန်းမာရေးဌာနတို့တွင်  ဦးစားပေးအလိုက်  ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။

အဆိုပါကာကွယ်ဆေးမှာ  တရုတ်နိုင်ငံထုတ်  Sinopharm  အမှတ်တံဆိပ်အမျိုးအစားဖြစ်ပြီး မြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ နိုင်ငံဝန်ထမ်းများ၊  Volunteer စေတနာ့ဝန်ထမ်းများနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သော ပြည်သူ  စုစုပေါင်း(၁၃၃၂)ဦးတို့ကို   ဒုတိယအကြိမ် ထိုးနှံ ပေးနိုင်ခဲ့ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသူ(၄၉၃၅)ဦးရှိ ကြောင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့်အဖွဲ့ ဝင်များ ကြီးကြပ်ပြီး စုရပ်နေရာများအသီးသီးတို့တွင် ကျန်းမာရေးဝန်ထမ်းများ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ Volunteer စေတနာ့ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တို့က ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုအပ်သည့်နေရာများတွင်  ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)