ခင်ဦးမြို့နယ်၌ မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ ကို ပညာပေးဆောင်ရွက်လျက်ရှိ

 

ခင်ဦး  ဩဂုတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများက မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် သိပ္ပံနည်းကျစိုက်ပျိုးနေသော တောင်သူများထံသို့ ပညာပေး ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ခင်ဦးမြို့နယ်တွင် မိုးစပါးဧက (၁၀၁၀၀၀) စိုက်ပျိုးရန် လျာထားရာ ဩဂုတ်လ ၂၉ ရက်နေ့ထိ မိုးစပါးစိုက်ပြီးဧက (၆၀၂၂၃) ဧက စိုက်ပျိုးပြီးခဲ့ပြီး မိုးစပါး တစ်ဧက တင်း(၁၀၀) ထွက်ရှိရေးအ တွက် သပ္ပံနည်းကျ စိုက်ပျိုးစနစ်များကို မြို့နယ်စိုက်ပျိုးရေး နည်းပညာ ပြန့်ပွားရေးစင်တာနယ် မြေ (၅) နေရာရှိ စိုက်ပျိုးရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ယခုနှစ်တွင် ဓာတ်မြေဩဇာများ ဈေးနှုန်းမြင့်မားနေ၍ အလေအလွင့်မရှိ စနစ်တကျသုံးစွဲရေး အတွက်  သဘာဝမြေဩဇာများဖြင့် အချိုးကျရောစပ်အသုံးပြုစေရေး၊ ရွက်ဖြန်းမြေဩဇာအဖြစ် အသုံးပြုစေရေး၊ သဘာဝအားဆေးများနှင့် သဘာဝပိုးသတ်ဆေးများ ပြုလုပ် သုံးစွဲစေရေး စသည့်နည်းပညာများကို တောင်သူများ လက်တွေ့ဆောင်ရွက်နိုင်ရန် ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဒေါ်လှကြိုင်၏ ပြောကြားချက်အရသိရသည်။

စိုးဝေအောင်