ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များ စဉ်ဆက်မပြတ် အသံချဲ့စက်ဖြင့် လှည့်လည်​ကြေညာ

မောင်တော    ဩဂုတ် ၃၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ယမန်နေ့ ညနေ၄ နာရီအချိန် မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်​ကြေ ညာခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ် ဦးစီးမှူးရုံးမှ ဒုတိယမီးသတ်ဦးစီးမှူး ဇော်ဦးလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက အသိပညာပေး နှိုးဆော်ပေးရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မခံရစေရေးနှင့်  ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ  နေအိမ် ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်းတပ်ခြင်း၊ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့မထွက်ကြပါရန်၊ စနစ်တကျ လက်ဆေးခြင်း၊ လူစု လူဝေး ရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင် ကုန်ခမ်းခြင်း စသည့်လက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွား ရောက်ပြသကြရန်  လိုအပ်ကြောင်း စသည့် အချက်များ ပါဝင်သော ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာနိုင်ရန်အတွက်  မြို့မနာရီစင်လမ်းဆုံ၊ မြို့မဈေးကြီးရှေ့၊ မောင်နီရွာ၊ အလယ်ရွာ၊ ရွာသစ် ၊ မြို့မကညင်တန်း ၊ အောင်မြေဗောဓိ စသည့် ရပ်ကွက်များအတွင်း လိုက်လံ အသိပညာပေး ကြေညာခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)