သဲကုန်းမြို့တွင် အောက်ဆီဂျက်စက်ရုံတည်ဆောက်ရန် ပန္နက်တင် မင်္ဂလာ ပြုလုပ်

သဲကုန်း ဩဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ သဲကုန်းမြို့တွင် စေတနာရှင် အလှူရှင်များနှင့် မြို့နယ်အောက်ဆီဂျင်စက်ဖြစ်မြောက်ရေးကော်မတီတို့ပူးပေါင်း၍ သဲကုန်းမြို့ပြည်သူ့ဆေးရုံ အတွင်းရှိ အောက်ဆီဂျင်စက်ရုံတည်ဆောက်မည့်မြေနေရာ၌ ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်အချိန်က ပန္နက်တင် မင်္ဂလာပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အဆောက်အဦးပန္နက်ကို သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေး၊ ဗိုလ်မှူးအောင်ဝင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးခင်မောင်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်များက ပန္နက်တင်ရိုက်ပေးခဲ့ကြသည်။

အဆိုပါစက်ရုံသည် သဲကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသော လူနာများအား အောက်ဆီဂျင်လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းပြီး စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် စက်ရုံ အဆောက်အဦး အကျယ်အလျား ၃၀ပေ၊ အနံ ၂၀ပေ၊ အမြင့် ၁၂ပေဖြင့်  တည်ဆောက်ပြီး စက်ရုံ အဆောက်အဦး၊ အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် ကျပ်သိန်း ၁၀၀၀ ခန့်ကုန်ကျမည်ဖြစ်ပြီး စက်ရုံပြီးစီးလည်ပတ်ပါက နေ့စဉ် ၄၀ လီတာအိုးကြီး အလုံး ၈၀ မှ အလုံး ၁၀၀ အထိထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သဲကုန်းမြို့နယ် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမင်းထံမှ သိရှိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)