အမ်း ဩဂုတ် ၃၁
ရခိုင်ပြည်နယ်၊ အမ်းမြို့၌ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအုပ်စု ပြည်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ မြို့နယ်အတွင်းရှိ စုရပ်(၅)ခုတွင် လူမျိုးဘာသာမရွေး ထိုးနှံပေးနိုင်ရန် စီစဉ် ဆောင်ရွက်ထားရှိကြောင်း အမ်းမြိူ့နယ်တွင် ပထမအကြိမ်ကာကွယ်ဆေးထိုးခြင်းကို သြဂုတ်လ၂ရက်နေ့မှ ၁၃ရက်နေ့ အထိ လူဦးရေ(၃၈၀၂)ဦးထိုးနှံပေးထားပြီးဖြစ်ကြောင်း၊ ဒုတိယအကြိမ်ထိုးနှံရာ၌ ပထမအကြိမ် ထိုးနှံ၍၂၈ရက်ပြည့်ပြီးမှသာ ဘိုးဘွားများနှင့်ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးအား လာရောက်ထိုးနှံနိုင်ရေး စီစဉ်ထားရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ကျော်မိုးထံမှ သိရသည်။
အမ်းမြို့နယ်အတွက် ကာကွယ်ဆေးထိုးရန်အတွက် ခွဲတန်းရရှိသည့် ကာကွယ်ဆေးလုံး အရေအတွက်မှာ (၇၆၀)လုံးဖြစ်ပြီး ကာကွယ်ဆေးတစ်လုံးလျှင် လူငါးဦးကို ထိုးနှံပေး၍ ရကြောင်းနှင့် မြို့နယ်အတွင်း အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအုပ်စုအလိုက် ပါဝင်သူပြည်သူ (၃၈၀၀)ဦးအား ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် အမ်းမြို့နယ်အတွင်းစုရပ်(၅)နေရာဖြစ်သော အမ်းမြို့ ရွှေအမ်းတောင်ခန်းမစုရပ်၊ တပ်တောင်စုရပ်၊ ကဇူကိုင်းကျေးရွာစုရပ်၊ ရူးကျေးရွာစုရပ်၊ သပြုချိုင့်ကျေးရွာစုရပ်တို့တွင် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
၎င်းဒုတိယအကြိမ်ထိုးနှံမည်အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့်ဦးစားပေးအုပ်စု ပြည်သူများအား လူမျိုးဘာသာမရွေး Sinopharm အမျိုးအစား ကာကွယ်ဆေးထိုးနှံပေးခြင်းကို သြဂုတ်လ(၃၁)ရက်နေ့မှ စက်တင်ဘာ(၅) ရက်နေ့ အထိနေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ဝင်းအိမွန်