ပေါက်တောမြို့နယ် ကြိမ်နီပြင် IDPs စခန်းရှိခိုလုံနေသူပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ပေါက်တော ဩဂုတ် ၃၀

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းရှိ မညင်းကိုင်းကျေးရွာအုပ်စု ကြိမ်နီပြင် IDPs စခန်းတွင် ခိုလုံနေကြသောပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ပေးရာ အသက်(၄၅)နှစ်အထက်နှင့်၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်များအား (Sinovac၊ Corona Vac)ကာကွယ်ဆေးကို ယနေ့နံနက် ၁၀ နာရီကထိုးနှံပေးခဲ့သည်။

အဆိုပါ IDPs စခန်းများတွင် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ပေါက်တောမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းငြိမ်းနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

ထိုသို့ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ကိုကိုအောင်ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ပေးကြပြီး ကာကွယ်ဆေးထိုးပေးကြသည်။

ကာကွယ်ဆေးထိုးနှံရာ၌ ဒေသခံစေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ခြင်းများ ပြုလုပ်ပေးကြသည်။

ကြိမ်နီပြင် IDPs စခန်းသို့ ကာကွယ်ဆေးလာရောက် ထိုးနှံသူအမျိုးသား(၈၇)ဦးနှင့်အမျိုးသမီး (၄၃)ဦးစုစုပေါင်း (၁၃၀)ဦး လာရောက်ထိုးနှံကြသည်။ ပေါက်တောမြို့နယ်၌ ဆင်တက်မော် IDPs စခန်း၊ အနောက်ရဲ IDPs စခန်း၊ ကြိမ်နီပြင် IDPs စခန်း၊ ဌက်ချောင်း(၁)IDPs စခန်း၊ ဌက်ချောင်း(၂) IDPs စခန်း(၅) နေရာအနက် ဆင်တက်မော် IDPs၊  စခန်း၊ အနောက်ရဲ IDPs စခန်းနှင့်ကြိမ်နီပြင် IDPs စခန်းများတွင်ထိုးနှံပေးခဲ့ပြီး ကျန်ရှိ IDPs စခန်း(၂)နေရာသို့ သွားရောက်ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်သန်း (မြို့နယ်ပြန်/ဆက်)