ဇီးကုန်းမြို့နယ်တွင် သံဃာတော်များ၊ ဝန်ထမ်းများနှင့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အို များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဇီးကုန်း သြဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် သံဃာတော်များ၊ ဝန်ထမ်းများနှင့် အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍  အမှတ် ၄ ရပ်ကွက်၊ မြို့လယ်သံဓမ္မာရုံ၌ ဒုတိယနေ့ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူတစ်ဦး ထိုးနှံပေးလျက်ရှိကြောင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ယခုလ(၂၉)ရက်နေ့က သာပေါင်းကျေးရွာအုပ်စု၊ လယ်မကျေးရွာအုပ်စု၊ ဝက်စာပိုး ကျေးရွာအုပ်စု၊ နွားတဲကုန်း ကျေးရွာအုပ်စု၊ မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် ဌာနဆိုင်ရာများအား ထိုးနှံပေးခဲ့ပြီး၊ ယနေ့တွင် ကျန်ကျေးရွာအုပ်စု ၁၄ အုပ်စုမှ လူဦး‌ရေ(၆၉၁)ဦးအား ဆေးထိုးနေရာ လေးခုခွဲ၍ ဆက်လက်ထိုးနှံပေး လျက်ရှိသည်။

အဆိုပါဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးအာကာဖြိုး၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးသက်မိုးနှင့် မြို့နယ်စီမံခန့်ခွဲ ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေး ဦးစီးဌာနနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)