ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Vero Cell) ဒုတိယအကြိမ် ထိုးနှံပေး

ဖလမ်း ဩဂုတ် ၃၁

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၆၅)နှစ် အထက်နှင့် အုပ်စု(၁၂)အား ကိုဗစ်-၁၉ ကာကွယ်ဆေး (Vero Cell) ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ(၄)နာရီအထိ၊ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Vero Cell) ထိုးနှံပေးရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးနှံပေးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ဆေးထိုးမှတ်တမ်းများ ရေးသွင်းခြင်းများပြုလုပ်ပြီးနောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Vero Cell)ကို ထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ဖလမ်းမြို့၌ ယမန်နေ့တွင် အသက်(၆၅)နှစ်အထက်နှင့် အုပ်စု(၁၂)အုပ်စုမှ ကျား(၈၈)ဦးနှင့်မ(၆၈)ဦး စုစုပေါင်း(၁၅၆)ဦးအား ထိုးနှံပေးခဲ့ပြီး ယနေ့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Vero Cell) ဒုတိယအကြိမ် ထိုးနှံပေးမှုအား ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဖလမ်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးပေါင်ဒိတ်တုန်တို့က ကြည့်ရှုအားပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြသူများအား ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားခဲ့ကြကြောင်း သိရသည်။

ကိုရှိန်း(ဇလပ်မြေ)