ပဲခူး ဩဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ပဲခူးမြို့အတွင်းရှိ မဇင်းဆည်တွင် ပဲခူးတိုင်းဒေသကြီးမီးသတ် ဦးစီးဌာနနှင့် ပဲခူးမြို့ပေါ်ရှိ ရှာဖွေကယ်ဆယ်ရေး အသင်းအဖွဲ့များ ပူးပေါင်း၍ Fireboat နှင့် ရှာဖွေကယ်ဆယ်ရေး ယာဉ်များ မောင်းနှင်ပြသခြင်း၊ အမျိုးသမီးတပ်ဖွဲ့ဝင်များမှ Fireboat မီးငြှိမ်းသတ် သရုပ်ပြခြင်း၊ ရေမျောလာသူအား အသက်ကယ် ဘောကွင်းများ အသုံးပြု၍ ကယ်ဆယ်သရုပ်ပြခြင်း၊ အသက်ကယ်လှေပေါ်ရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ ရေနစ်သူများအား ဆင်းသက် ကယ်ဆယ်နေမှု သရုပ်ပြခြင်း၊ ခါးကျိုးလူနာအား ကယ်ဆယ်သရုပ်ပြခြင်းနှင့် Lifebuoy ကိုအသုံးပြု၍ ရေနစ်နေသူအား ကယ်ဆယ်နေမှုသရုပ်ပြခြင်းစသည့် ရေပြင် သက်ကယ် ရှာဖွေကယ်ဆယ်ရေး ဆက်တိုက်လေ့ကျင့်ခြင်း၊ သရုပ်ပြခြင်းတို့ကို အားပေး ကြည့်ရှု့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လမ်းညွှန်အမှာစကား ပြောကြားရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ယခင်နှစ်များတွင် ပဲခူးမြစ်ရေမြင့်တက်မှုနှင့် ပဲခူးမြို့နယ် စစ်တောင်း မြစ်ရေမြင့်တက်မှုကြောင်း ဒိုက်ဦးမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ရွှေကျင်မြို့နယ်၊ မဒေါက်မြို့၊ ကျောက်ကြီးမြို့နယ်၊ တောင်ငူမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ပြည်မြို့နယ်နှင့် မိုးညိုမြို့နယ်တို့တွင် နှစ်စဉ်ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားလေ့ရှိပြီး မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ရေပြင်ရှာဖွေရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရေပြင်ကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများကို မြို့နယ်များအလိုက် ဖြန့်ခွဲထားရှိပြီး ရေကြီး၊ ရေလျှံမှုများဖြစ်ပွားပါက မီးသတ်ရေယာဉ်၊ စက်လှေများ ကိုလည်း မြို့နယ်အလိုက် ဖြန့်ခွဲထားရှိပြီး ဖြစ်ကြောင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ဘေးဒုက္ခအန္တရာယ်နှင့် ရင်ဆိုင်ကြုံ့တွေ့နေသူတိုင်းကို မိမိတို့ အသက်နှင့် ခန္ဓာအရင်းတည်ပြီး ကူညီကယ်တင် ဆောင်ရွက်ရတာကြောင့် အနာဂတ်မှာ ရင်ဆိုင်တွေ့လာနိုင်တဲ့ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှု များကို အနိုင်ယူသွားကြရန် ပြောကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနက ခင်းကျင်းပြသထားသည့် ပိုလန်နိုင်ငံထုတ် အဆင့်မြင့် မီးငြှိမ်းသတ်ယာဉ်များ၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှု့ စစ်ဆေးကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)