မြောင်းမြမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး တရုတ်နိုင်ငံထုတ် (Sinopharm) အား ဒုတိယအကြိမ် ထိုးနှံပေး

မြောင်းမြ  သြဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တရုတ်နိုင်ငံထုတ် (Sinopharm) အား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.က(၁)ကျောင်း၊ ပညာရတနာတန်ဆောင်ခန်းမတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်း၍ ဇူလိုင်(၃၀)ရက်နေ့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသော ရဟန်းသံဃာများ၊ အသက်(၆၅)နှစ်နှင့်အထက် မိဘပြည်သူများအား ဒုတိယအကြိမ် ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီးကြောင်း အထောက်အထားကတ်ပြားများပါ ပြန်လည်ပေးအပ်သွားမည်ဖြစ်​ကြောင်း တာဝန်ရှိသူများ ထံမှ သိရသည်။

ကေခိုင်စိုး