ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများမှ ရသေ့တောင်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရသေ့တောင်  သြဂုတ် ၃၀

ရခိုင်ပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးများ ဖြစ်ကြသည့် ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးသန်းထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိန်မြင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ရသေ့တောင်မြို့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် ရသေ့တောင်မြို့ ချောင်းဝရပ်ကွက်ရှိ  သြဂုတ် ၂၇ ရက်နေ့က မြစ်ရေတိုက်စားခဲ့မှုကြောင့် မြေသားကွဲအက်ပျက်စီးသွားခဲ့သည့် မြို့မ ရဲစခန်းရှေ့ ကမ်းနားလမ်းကွန်ကရစ်လမ်း အခြေအနေများအား ကွင်းဆင်းစစ်ဆေးရာ  တာဝန်ရှိသူများက လမ်းပျက်စီးသွားခဲ့သည့် အခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးများက ပျက်စီးသွားသည့် ကွန်ကရစ်လမ်း အားအမြန် ပြန်လည်ပြုပြင် နိုင်ရေးနှင့် မြစ်ရေတိုက်စားသည့် နေရာများတွင် ကျောက်စီမြေထိန်းနံရံများ ခိုင်ခန့်မှုရှိ စေရေးအတွက်  ဆောင်ရွက်သွားနိုင်ရေး  လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေပေးဝေနေသည့် ကန်တော်ကြီးတူးဖော်ထားရှိမှု အခြေအနေ၊ ကန်တော်ကြီး ပတ်လည် မြေဧရိယာအနေအထားများနှင့် ရပ်ကွက်များသို့ သောက်သုံးရေ ပေးဝေနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်ကိုများကို တာဝန်ရှိသူများထံ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။