ကျိုက်မရော သြဂုတ် ၃၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ဦးစားပေး အစီအစဉ်တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ၊ စျေးရောင်းသူများ၊ ပြည်သူများနှင့် အများဆုံး ထိတွေ့ဆက်ဆံရသော ယာဉ်မောင်းယာဉ်နောက်လိုက်များနှင့် ပရဟိတအဖွဲ့ဝင်များ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများအား ယနေ့နံနက်၉နာရီက ကျိုက်မရောမြို့ပေါ်ရှိ ရသေ့ကျောင်းတိုက်နှင့် ကလိုင်းကနိုင် မူလွန်ကျောင်းခန်းမ၌ ကိုဗစ်ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက် ရှိသည်။
အဆိုပါ ကာကွယ်ဆေးစုရပ်များ၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာ နေရာများသို့ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်းနှင့် တာဝန်ရှိသူများက ဆေးထိုးရန် လာရောက်သည့် ပြည်သူများအား တွေ့ဆုံကာ အားပေးစကားပြောခြင်း၊ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ်တွင် ဦးတည်အုပ်စု ၁၂ အုပ်စုနှင့်၊ အသက်၆၅နှစ်အထက် ပြည်သူစုစုပေါင်း (၇၁၆၀)ဦးတို့အား ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယခုဒုတိယ အကြိမ်တွင်လည်း သတ်မှတ်ဦးတည်အုပ်စုများနှင့် ပြည်သူစုစုပေါင်း (၂၀၁၆)ဦးတို့ကို ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သြဂုတ်၂၇ရက်နေ့မှ ယနေ့ထိနေ့စဉ်နံနက် ၉နာရီအချိန်မှစ၍ ညနေ ၃:၀၀ နာရီအချိန်ထိ ဆက်လက်ထိုးနှံပေးနေကြောင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသူများ အားလုံးကို သတ်မှတ်ထားသည့် ရက်စွဲအလိုက် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အဖွဲ့တာဝန်ရှိသူထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)