ဖြူးချောင်းဆည်အတွင်း ငါးသယံဇာတ ပေါကြွယ်၀စေရေး ငမြစ်ချင်းသားပေါက် ငါးမျိုးစိုက်ထည့်

  ဖြူး  ဩဂုတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးချောင်းဆည်မှတဆင့် အခြားချောင်း၊ မြောင်း၊ အင်းအိုင်များအတွင်း ငါးမျိုးများ ပြန့်နှံ့၍ ဒေသအတွင်း ငါးသယံဇာတများ  ပေါကြွယ်၀စေပြီး သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေကာ ငါးစားသုံးမှု ဖူလုံစေရေးအတွက်ရည်ရွယ်၍ ဖြူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဖြူးချောင်းဆည်အတွင်းသို့   ငမြစ်ချင်း ငါးသားပေါက်ကောင်ရေ(၃)သိန်းကျော်ကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

ဖြူးချောင်းဆည်အတွင်း ငါးမျိုးစိုက်ထည့်ရာတွင် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူးဦးစိုးမင်း၊ တောင်ငူခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးမြင့်ဦး၊ ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ ဖြူးမြို့နယ် ငါးမျိုးစိုက်ကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးလှမျိုးသိန်းနှင့် အဖွဲ့ဝင်များ၊ ဖြူးချောင်းရေလှောင်တမံစီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်လွင်နှင့် ဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီး ငါးသားဖောက်ရေးစခန်းတာဝန်ခံ ဦးသူရမိုးအောင်၊ ဖြူးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဒေါ်မင်းမင်းစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ငမြစ်ချင်းငါးသားပေါက်(၂)လက်မအရွယ် ကောင်ရေ(၃)သိန်းကျော်ကို  ငါးမျိုးစိုက်ထည့် ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် ဖြူးချောင်းဆည်အပါအဝင် ဆည်(၃)ခုအတွင်း ငါးမျိုးတုံးမှု မရှိစေရေးနှင့် ငါးမျိုးများပြန့်နှံ့ကာ တိုင်းရင်းသားပြည်သူများအနေဖြင့် ငါးစားသုံးမှုဖူလုံစေရေးအတွက်နှစ်စဉ် ငါးမျိုး စိုက်ထည့်လျက်ရှိကြောင်း ဖြူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

နေမျိုးလွင်