မအူပင် သြဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် မြို့နယ်အတွင်းရှိအသက် ၆၅ နှစ်နှင့်အထက်ရှိသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံမှုအား ယနေ့ နံနက် ၉ နာရီက မအူပင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာ ကျော်စွာလွင်၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် အသက် ၆၅နှစ်နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ပြုလုပ် ပေးပြီးနောက် ကာကွယ်ဆေးအား စနစ်တကျ ထိုးနှံပေးခဲ့ပြီးမိနစ် ၃၀အနားယူစေပြီးစိတ်ချသည့် အခြေအနေရောက်ရှိမှသာ စနစ်တကျပြန်ခွင့်ပြုထားကြောင်း သိရသည်။
မအူပင်မြို့နယ်အတွင်း ဆေးထိုးအုပ်စုနေရာများအဖြစ် ကျောင်းရွာ (အ.ထ.က)ကျောင်း၊ မလတ်တို (အ.ထ.က)ကျောင်း၊ ရွှေတောင်မှော်(အ.ထ.က) ကျောင်း၊ ကျွဲဒုံး(အ.ထ.က)ကျောင်း၊ လက်ပံကုန်း (အ.ထ.က) ကျောင်း၊ မအူပင်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စသည့်နေရာ များတွင်အဖွဲ့(၆)ဖွဲ့၊ နေရာ(၆)နေရာခွဲပြီး အုပ်စုပေါင်း (၈၈)အုပ်စုများအား သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိပြီး မအူပင်မြို့ပေါ်အနေဖြင့် ယနေ့တွင် အသက်၆၅နှစ်နှင့်အထက် (၁၂၈) ဦး ခန့် ထိုးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။
ခရိုင်ပြန်/ဆက်(မအူပင်)