မင်းဘူး ဩဂုတ် ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူများကို ဒုယအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီအချိန်က မင်းဘူးမြို့ (မင်းပူးဦးဩဘာသ) မြို့နယ်ခန်းမနှင့် စကုမြို့ အခြေခံပညာ အထက်တန်းကျောင်းတို့၌ နှစ်နေရာခွဲ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကာကွယ်ဆေးများထိုးနှံပေးရာတွင် နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအချိန်အထိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက (Sinopharm) အမျိုးအစား ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း (Volunteer) များနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးများကို အလွယ်အတူ အဆင်ပြေချောမွေ့စွာ ထိုးနှံပေးနိုင်းရေးတို့အတွက် ကိုဗစ်-၁၉ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပြည်သူများအား သတ်မှတ်ရက်စွဲများအတိုင်း ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ပေးနေပြီး ပထမနေ့အဖြစ် ကျန်းမာရေးသတ်မှတ်ချက်ပြည့်မီသူများကို မင်းဘူးမြို့တွင် ၃၇၇ ဦး၊ စကုမြို့တွင် ၂၀၀ ဦး၊ စုစုပေါင်း (၅၇၇)ဦး ထိုးနှံပေးသွားရန် စီစဉ်ဆောင်ရွက်ပေးထားပြီး နောက်ရက်များတွင်လည်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)