စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား စတုတ္ထအကြိမ် ကျပ်နှစ်သောင်းစီ ထပ်မံထောက်ပံ့

ဗန်းမောက် ဩဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစားများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ပထမအကြိမ် နိုင်ငံတော်မှ ထောက်ပံ့သော အခြေခံစားသောက်ကုန် (၅) မျိုး ထောက်ပံ့ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ဒုတိယအကြိမ် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသည့် အိမ်ထောင်စုများကို ငွေကျပ် (၁၅၀၀၀) စီ ထောက်ပံ့ပေးခဲ့ပြီး တတိယအကြိမ် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် လည်းကောင်း ထောက်ပံ့ထားရှိပြီးဖြစ်ပါသည်။ စတုတ္ထအကြိမ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု (၅၁) အုပ်စုရှိ အိမ်ထောင်စု (၄၁၇၅) အတွက် စုစုပေါင်းငွေကျပ် (၈၃၅) သိန်းကို အခြေခံလူတန်းစား အိမ်ထောင်စုများ၏ လက်ဝယ်သို့ အရောက်ပေးအပ်နိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးမင်းက သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများထံသို့ လွဲပြောင်း‌ပေးအပ်ခဲ့ပြီး ယင်းထောက်ပံ့ငွေများကို မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အခြေခံလူတန်းစား အိမ်ထောင်စုများ၏ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ကာ အခြေခံလူတန်းစား အိမ်ထောင်စုများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဌေး၊ မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ထောက်ပံ့ငွေများကို ရပ်ကွက်/ ကျေးရွာများသို့ အိမ်တိုင်ရာ‌ရောက် ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ကျော်စွာ(ဗန်းမောက်)