ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ လျော့နည်းလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၂၂ ဦးရှိလာ

ကျောက်ဖြူ   ဩဂုတ်  ၃၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကုတင် ၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ဆေးကုသမှုခံယူနေသူများအနက် ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၂၂ ဦး ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရှိရသည်။

ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးရှိ Fever  Cornerနှင့် ဇင်ချောင်း/စနဲ တိုက်နယ်ဆေးရုံများသို့ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်စသည့် ကိုဗစ်-၁၉ သံသယရောဂါလက္ခဏာဖြင့် လာရောက်ပြသသူများ၊ ရောဂါကူးစက်ခံရသူတို့နှင့် ထိတွေ့ဆက်စပ်သူများနှင့် Stay at Home  ဒေသများမှ ပြန်လည်ရောက်ရှိ လာသူများအား Quarantine Canter ထားရှိပြီး  (RDT) Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉  ရောဂါတွေ့ရှိသူ ၂ ဦးတွေ့ရှိခဲ့သည်။

မြေပုံမြို့နယ်၊ ကျွန်းသာယာကျေးရွာမှ အမျိုးသားတစ်ဦး၊ ဆင်ပုတ်ကျေးရွာမှ အမျိုးသမီးတစ်ဦးတို့ တွေ့ရှိခဲ့ပြီး၊ ကိုဗစ်-၁၉  ရောဂါလက္ခဏာ ထပ်မံမပြပဲ သက်သာပျောက်ကင်းသူစုစုပေါင်း ၃ ဦးဖြစ်ပြီး၊ ၎င်းတို့အား သမားတော်နှင့် တာဝန်ကျ သူနာပြုဆရာမတို့က မိမိနေအိမ်တွင် (Stay at Home) အဖြစ် ခုနစ်ရက်အသွားအလာ ကန့်သတ်ကာ သီးသန့်နေထိုင် ရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာကြရန် မှာကြားပြီး ဆေးရုံဆင်းလက်မှတ် ပေးအပ်ခဲ့သည်။ ဆေးရုံဆင်းခွင့် ရရှိသူများအား ကျောက်ဖြူမြို့ရှိ ပရဟိတအဖွဲ့များက နေအိမ်သို့ အသီးသီး ပြန်လည် ပို့ဆောင်ပေးခဲ့ကြသည်။

ကျောက်ဖြူမြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့မှ ဩဂုတ်လ ၂၉ ရက်နေ့၊ ညနေ ၅ နာရီအထိ ကိုဗစ်-၁၉ ရောဂါစစ်ဆေးအတည်ပြုသူ ကျား ၃၀၁ ဦး၊  မ ၂၀၀ ဦး စုစုပေါင်း ၅၀၁ ဦးအနက် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၂၂ ဦး၊ ဆေးရုံတွင် ဆေးကုသမူခံယူနေသူ စုစုပေါင်း ၃၀ ဦးနှင့် သေဆုံးသူ ကျား ၃၂ ဦး၊ မ ၁၇ ဦး စုစုပေါင်း ၄၉ ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဖြိုးဝေလင်း၊တင်ထွန်းဦး