ဝန်းသို ဩဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း စံပြကွက်များနှင့် မျိုးထုတ်ကွက် စိုက်ခင်းများတွင် တစ်ဧကတင်း ၁၀၀ထွက်ရှိရေးအတွက် ဓာတ်မြေဩဇာထည့်သွင်းကြဲပက်ခြင်း၊ အပင်ပွှားနှုန်းစစ်တမ်းကောက်ယူခြင်းနှင့် ပိုးမွှားအန္တရာယ်ကာကွယ်နိုင်ရေး Yellow Sticker များအခမဲ့ပေး ဝေခြင်းတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူများပူးပေါင်း၍ ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနဲ့ အကျိုးဆောင်တောင်သူများပူးပေါင်းပြီးတော့ တစ်ဧကစပါးတင်း ၁၀၀အထွက်နှုန်းရရှိရေးစိုက်ခင်းများ၊ စံပြကွက်များမှာ ဓာတ်မြေဩဇာ ထည့်သွင်းကြဲပက်ခြင်း၊ အပင်ပွှားနှုန်းစစ်တမ်းကောက်ယူခြင်းလုပ်ငန်းများနဲ့ ပိုးမွှားအန္တရာယ် ကျရောက် မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိပါတယ်၊ ကျွန်တော်တို့မြို့နယ်မှာ ယခုနှစ်အနေနဲ့ ရာသီဥတု ပြောင်းလဲလာမှုအခြေ ပေါ်မှုတည်ပြီးတော့ SRI စိုက်ပျိုးနည်းစနစ်ကို ကျေးရွာအုပ်စု ၅အုပ်စု၊ KC သုံးခုမှာ အုပ်စုတွေခွဲပြီးတော့ တောင်သူ ၅ ဦးကိုစည်းရုံးပြီး ၁၀ ဧကတိတိစိုက်ပျိုးထားပါတယ်၊ SRI နည်းစနစ်နဲ့ စိုက်ပျိုးမယ်ဆိုရင် မျိုးစေ့လိုအပ်ချက်နည်းပြီးတော့ မျိုးဖိုးကုန်ကျစရိတ်ကို သက်သာစေပါတယ်၊ အခြောက်ခံစနစ်ကိုကျင့်သုံးရတဲ့အတွက် ရေအသုံးပြုမှုလျော့နည်းတာကိုလည်းတွေ့ရှိရပါတယ်၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတွေအသုံးပြုနည်းလို့မို့ အသုံးစရိတ်တွေကို လျော့ကျနိုင်ပါတယ်၊ ဩဂဲ နစ်စိုက်ပျိုးရေးကို အခြေခံပြီးတော့စိုက်ပျိုးထားတဲ့ နည်းစနစ်ဖြစ်တဲ့အတွက် အရသာရှိပြီးတော့ ကျန်းမာ ရေးကိုအထောက်အကူဖြစ်စေပါတယ် စတဲ့အကျိုး ကျေးဇူး ၁၀ချက်လောက်ကို တောင်သူများ ရရှိမှာ ဖြစ်တဲ့အတွက် တောင်သူများစိုက်ပျိုးသင့်တဲ့ စိုက်ပျိုးနည်းစနစ်ဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးတင့်ဆွေက ပြောသည်။
ဝန်းသိုမြို့နယ်တွင် ယခု ၂၀၂၁ ခုနှစ်၌ မိုးစပါးစိုက်ဧက ၃၈၄၉၈ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ၃၈၉၈၉ ဧကထိ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး စံပြကွက်များအနေဖြင့် မျိုးစေ့ထုတ်ကွက် ဧက ၁၆၀၊ GAP စံပြကွက်ဧက ၄၀နှင့် SRI နည်းစနစ်မျိုးသန့်စိုက်ကွက် ၁၀ ဧကတို့ကို စိုက်ပျိုးထားရှိ ကြောင်း သိရသည်။
ကျော်မြိုင်