ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ရေစကြို ဩဂုတ် ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွဲတမ်းရရှိထားသော ဆေး ၈၀၀လုံးကို ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများ နှင့် လူမှုရေးအသင်းအဖွဲ့များအား ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ဩဂုတ်လ ၁ ရက်နေ့က ပထမအကြိမ်အဖြစ် ထိုးနှံပြီးဖြစ်ရာ၊ ဒုတိယအကြိမ် အဖြစ် ယမန်နေ့ ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ပထမအကြိမ်ကာကွယ် ဆေးထိုးနှံပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ရေစကြိုမြို့နယ်အတွင်းရှိ ရပ်ကွက်(၈)ခု၊ ကျေးရွာအုပ်စု (၈၅) အုပ်စု၊ ကျေးရွာပေါင်း (၂၄၅)ရွာရှိ  အသက် (၆၅)နှစ်နှင့်အထက် ပြည်သူများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကူညီရေးအသင်းအဖွဲ့များ လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇော၊ အဖွဲ့ဝင် ဗိုလ်မှူးညီညီအောင်၊ အဖွဲ့ဝင် ဦးကျော်ဝင်း၊ အတွင်းရေးမှူး ရဲမှူးတင်လတ်နှင့် မြို့မိမြို့ဖများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နော်နော် (ချင်းတွင်းသား)