စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်း

စေတုတ္တရာ      ဩဂုတ်  ၃၀      

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခြင်းကို ပထမအကြိမ်  ဩဂုတ်လ(၂)ရက်နေ့မှ စတင်၍ထိုးနှံပေးခဲ့ရာ ယခု ဒုတိယအကြိမ်ကို ဩဂုတ်လ(၃၀)ရက်နေ့တွင် သတ်မှတ်စုရပ်နေရာများ၌ အစီအစဉ်အလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်အကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့် အထက်အဘိုး အဘွားများ၊ ဘုန်းကြီးများ၊ သီလရှင်များ၊ ပရဟိတလုပ်ငန်းဆောင်ရွက်နေသူများ၊ နိုင်ငံဝန်ထမ်းများနှင့် ဦးစားပေးအစီအစဉ်အလိုက် သတ်မှတ်စုရပ်နေရာများ၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်း ကူညီဆောင်ရွက်၍ စေတုတ္တရာမြို့တွင် ယနေ့ထိုးနှံသူဦးရေ မြို့ပေါ်(၉၉)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ထိုးနှံရန်ကျန်ရှိနေသော သူများ အား နောက်ရက်များ၌ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သိရ သည်။                                                                                                                                                                                                                                                        ပေါက်ပေါက်(ပြန်/ဆက်)