ပုဏ္ဏားကျွန်း သြဂုတ် ၃၀
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ တရုတ်နိုင်ငံထုတ် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံခြင်းကို အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့်ဦးစားပေးအဆင့်တွင်ပါဝင်သော ပြည်သူများအား ယနေ့ နံနက်(၉)နာရီအချိန်က ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားကြီးသိမ်တော်၊ ယိုးတရုပ်တိုက်နယ်ဆေးရုံနှင့် ကွန်းတောင်ကျန်းမာရေးဌာနတို့တွင် တချိန်တည်း ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ကာကွယ်ဆေး(၆၂၈)လုံးအား အသက် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့်နိုင်ငံ့ဝန်ထမ်း(၆၂၈)ဦးတို့ကို ဒုတိယအကြိမ် ထိုးနှံပေးခဲ့ပြီး၊ယနေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွက် တရုတ်နိုင်ငံထုတ် Sinopharm အမှတ် တံဆိပ် ကိုဗစ်-၁၉ ကာကွယ်ဆေး(၈၆၁)လုံးရရှိထားပြီး၊ လူဦးရေ ၄၃၀၅ ဦးတို့အား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရမည့် ရက်ပြည့်သူများကို စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် အဖွဲ့ဝင်များကြီးကြပ် ပြီး၊စုရပ်နေရာအသီးသီး၌ ကျန်းမာရေးဝန်ထမ်းများဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ Volunteer စေတနာ့ဝန်ထမ်းများနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်တို့က ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)