ကယားပြည်နယ်အစိုးရအဖွဲ့မှ ပရိယတ္တိစာသင်တိုက်များ ၊ ဘုန်းတော်ကြီးကျောင်းများ ၊ သီလရှင်ကျောင်းများသို့ အလှူတော်ငွေများပေးအပ်လှူဒါန်း

လွိုင်ကော်   ဩဂုတ်  ၃၀

  ကယားပြည်နယ်အတွင်းရှိ  ပရိယတ္တိစာသင်တိုက်များ ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ၊ ဆွမ်းဟင်းလျာများအတွက် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ် လွှတ်တော်ရုံးတို့မှ အလှူတော်ငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ၊ ကယားပြည်နယ်အစည်းဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ  ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ယနေ့အချိန် ကာလတွင် ဘုန်တော်ကြီးကျောင်း၊ သီလရှင်ကျောင်းများတွင် ဆွမ်းဟင်းလျာများ  အခက်အခဲ ရှိနိုင်သဖြင့် မိမိတို့အနေဖြင့် ယခုလို လှူဒါန်းရခြင်းဖြစ်ကြောင်း၊ ဆက်လက်ပြီးလည် လစဉ် လှူဒါန်းနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကိုဗစ် -၁၉ ကာလဖြစ်သည့်အတွက် ရဟန်း များအနေဖြင့် ဆွမ်းခံကြွဖို့ အခက်အခဲဖြစ်နေချိန်ဖြစ်သည့်အတွက် ထိုအခက်အခဲများကို ဖြေရှင်း နိုင်အောင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားတွင်ပြောကြားခဲ့သည် ။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ကယားပြည်နယ်အတွင်းရှိ ဘုန်တော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၂၄ ကျောင်းအတွက် အလှူတော်ငွေ (၁၄၉၀၄၀၀၀) ကို ပေးအပ်ရာ ဆရာတော်များနှင့် သီလရှင်များကိုယ်စား ပြည်နယ်သာသနာရေးမှူးရုံးမှ ဒု-ညွှန်မှူး ဦးသန်းထွေးနှင့် ဦးစီးအရာရှိ ဒေါ်အိဖြူဖြူခိုင်တို့က လက်ခံရယူခဲ့သည်။

ထို့နောက် ပြည်နယ်သာသနာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်မှ ဆရာတော်များနှင့် သီလရှင်များကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့  ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊  ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ၊ ပြည်နယ်လွှတ်တော်ရုံးညွန်ကြားရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ  နှင့် ခရိုင် ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ကယား (ပြန်/ဆက်)