စစ်တွေ ဩဂုတ် ၃၀
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝယ်ယူခဲ့သည့် အောက်ဆီဂျင်စက် စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး သို့ ယမန်နေ့ညနေပိုင်းက ရောက်ရှိခဲ့သည်။
အောက်ဆီဂျင်စက် ရောက်ရှိပြောင်းရွှေ့တပ်ဆင်နေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။
အဆိုပါ အောက်ဆီဂျင်စက်မှာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လထုတ် Model ဖြစ်ပြီး တစ်နာရီ ၄၀ လီတာ အောက်ဆီဂျင်အိုးကြီး ၁၃ လုံးထုတ်နိုင်မည်ဖြစ်ကာ နားချိန်ပေးပြီးထုတ်ပါက တစ်ရက် အိုးကြီး၂၆၀ လုံးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် စစ်တွေမြို့ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါ ကုဆေးရုံကြီး၌ အောက်ဆီဂျင်အိုးကြီး ၄၀ လုံးထွက်ရှိသော စက်တစ်လုံးနှင့် ၃၀ လုံးထွက်ရှိသော စက်တစ်လုံးရှိသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝယ်ယူထားသော အောက်ဆီဂျင်စက်ရောက်ရှိလာပြီ ဖြစ်သည့်အတွက် အောက်ဆီဂျင်ထုတ်လုပ်မှုပိုမို ရရှိနိုင်မည်ဖြစ်ရာ ပြည်နယ်အတွင်း အောက်ဆီဂျင်လိုအပ်သော မြို့နယ်များကိုလည်း ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
ထို့အပြင် ဩဂုတ်လ ၂၈ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်စခန်းတွင် တစ်နေ့လျှင် အောက်ဆီဂျင် ၄၀ လီတာ အိုးကြီး ၂၀၀ ထွက်ရှိသော စက်တစ်လုံးလည်ပတ်လျက်ရှိသည်။ ၎င်းစက်မှထွက်ရှိသော အောက်ဆီဂျင်များကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ စီစဉ်မှုဖြင့် ရခိုင်ပြည်နယ်အတွင်း အောက်ဆီဂျင်လိုအပ်သောနေရာများတွင် အသုံးပြုသွားမည်ဖြစ်သည်။ ထို့အတူ ပြည်နယ်အတွင်းရှိ ဆေးရုံများအနေဖြင့် ဓညဝတီရေတပ်စခန်းမှ အောက်ဆီဂျင်ထုတ်ယူလိုပါက ရခိုင်ပြည်နယ် အောက်ဆီဂျင် ကြီးကြပ်ရေးကော်မတီသို့တောင်းခံပြီး ခွင့်ပြုချက်ဖြင့် ထုတ်ယူနိုင်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ ဓညဝတီရေတပ်စခန်းမှ ထုတ်လုပ်သော အောက်ဆီဂျင်များ၊ ယခုရောက်ရှိသော အောက်ဆီဂျင်စက်မှ ထုတ်လုပ်မည့် အောက်ဆီဂျင်များနှင့် ယခင်ထုတ်လုပ်လျက် ရှိနေသော အောက်ဆီဂျင်များပေါင်းလျင် ၄၀ လီတာ အိုးကြီးအလုံးရေ ၅၀၀ ကျော်ခန့်ထွက်ရှိ လာမည်ဖြစ်သည်။
ယနေ့ရောက်ရှိလာသော အောက်ဆီဂျင်စက်အား စတင်တပ်ဆင်လျက်ရှိပြီး စမ်းသတ် ထုတ်လုပ်မှုများပြီးစီးပါက စက်တင်ဘာလ ၁ ရက်နေ့တွင် အောက်ဆီဂျင်များ ထွက်ရှိလာမည်ဖြစ် ကြောင်းသိရသည်။
တင်ထွန်း